ကရင်နီတွင် စစ်ပဋိပက္ခကြောင့် ကလေးသူငယ် အကြမ်းဖက်မှုနှင့် ပြစ်မှုများ ပိုများလာဟု IEC ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။

ကရင်နီပြည်အတွင်း ပဋိပက္ခကာလအတွင်း လုံခြုံရေးအခြေအနေများ ဆိုးရွားလာသည်နှင့်အမျှ ကလေး သူငယ်များအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုနှင့် ကလေးသူငယ်များ ကျူးလွန်သည့် ပြစ်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုများပြားလာနေသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနက ပြောသည်။

အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန ဖွဲ့စည်းပြီး ၃ နှစ်တာ ကာလအတွင်း ကလေးသူငယ်များနှင့် သက် ဆိုင်သည့် အမှုပေါင်း ၄၀ ကျော်ကို ကိုင်တွယ်ဖြေရှင်းခဲ့ရပြီး ယင်းအထဲတွင် မုဒိမ်းမှုများ၊ မိဘဆွေမျိုးများက ကျူးလွန်သည့် ကိစ္စရပ်များအပြင် ကလေးသူငယ်အချင်းချင်း ဖြစ်ပွားသည့် ဖြစ်စဉ်များလည်း ပါဝင်နေသည်ဟု ဆိုသည်။

IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန ဌာနမှူးကြီး အဂ္ဂသာနုနုက “ကလေးသူငယ်အပေါ်မှာ ကျူးလွန် တဲ့ ကိစ္စရပ်တွေလည်း များလာတယ်။ ဒါလည်း စစ်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေလို့လည်း ပြောလို့ရတယ် ပေါ့နော်။ တစ်ဖက်မှာလည်း အပေါ်က ဝေဟင်အန္တရာယ်ကို စိုးရိမ်ရသလို မြေပြင်မှာလည်း အခြေအနေ ချွတ် ခြုံကျတဲ့ အခါမှာတော့ အဖက်ဖက်က လုံခြုံရေးတွေက စိုးရိမ်စရာတွေ ဖြစ်တယ်ပေါ့နော်။ ကျမတို့ ဌာန ဖွဲ့စည်းပြီးကာလ ၃ နှစ်ရှိပါပြီ။ ဒီ ၃ နှစ် အတွင်းမှာ ကလေးတွေနဲ့ ပတ်သက်တဲ့ အမှုကိစ္စရပ်တွေ ကျမတို့ ကိုင်တွယ်တာ အမှုပေါင်း ၄၀ ကျော်တယ်ပေါ့နော်” ဟု ပြောသည်။

စစ်ပဋိပက္ခနှင့် လူမှုစီးပွားကျဆင်းလာမှု အခြေအနေများကြောင့် ကလေးငယ်များ၏ ပုံမှန်ဘဝနေထိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ထိခိုက်လာရာမှ ကလေးအချင်းချင်း မုဒိမ်းမှုကျူးလွန်ခြင်းနှင့် ခိုးမှုများ အပါအဝင် ပြစ်မှုကျူးလွန်သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဌာနမှူးကြီးက ပြောသည်။

ထို့ပြင် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ဒါရိုက်တာ မမေကလည်း “အခုက ကျမတို့ပြည်နယ်မှာ ဒီ ၁၈ နှစ်အောက် ကလေးတွေက အုပ်စုဖွဲ့ပြီးတော့ ဈေးတွေမှာ ဆိုင်တန်းတွေမှာ လိုက်ပြီးတော့ ခိုးယူနေတဲ့ဟာ မျိုးတွေကိုလည်း တွေ့လာရတာပေါ့နော်။ ဒီဟာကတော့ ကျမတို့ ပြည်နယ်ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာ လည်း ဖြစ်တယ်ပေါ့နော်။ လူငယ်တွေ၊ ကလေးတွေက ကျောင်းစာသင်ခန်းထဲမှာ ရှိရမယ့်အချိန်မှာ စာသင် ခန်းထဲမှာ မရောက်ဘဲနဲ့ အပြင်ဘက် ရာဇဝတ်မှုဘက်ကို ကျူးလွန်တဲ့ဟာမျိုး သွားနေတဲ့ဟာမျိုးက စိုးရိမ် စရာဖြစ်တယ်” ဟု ပြောသည်။

ကလေးသူငယ်များအနေဖြင့် မိမိတို့လုပ်ဆောင်နေသည့် အပြုအမူများ၏ ပြစ်မှုသဘောသဘာဝကိုပင် နား မလည်နိုင်သည့် အခြေအနေများ ရှိနေသဖြင့် ကလေးအချင်းချင်း မုဒိမ်းမှုကျူးလွန်ရာတွင် နစ်နာသူ ကလေးငယ် များသာမက ကျူးလွန်သူ ကလေးငယ်များကိုပါ ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်ဟု ဌာနမှူးကြီး အဂ္ဂသာနုနုက ဆက်ပြောသည်။

၎င်းက “ဒီကလေးတွေကို ကာကွယ်ပေးဖို့အတွက်က အထူးသဖြင့် ကလေးတွေဟာ ပြစ်မှုကျူးလွန်တယ်ဆိုတာ သူတို့ ကိုယ်တိုင်လည်း သိချင်မှသိမယ်ပေါ့နော်။ ဆိုတော့ ပတ်ဝန်းကျင်ရဲ့ အနေအထားကြောင့် တခြား အနေ အထား အမျိုးမျိုးကြောင့် ဖြစ်နိုင်တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ နစ်နာတဲ့ ကလေးတွေအပြင် ကိုယ်တိုင် ကျူး လွန်တဲ့ ကလေးတွေကိုလည်း ကျမတို့က ကာကွယ်ပေးဖို့ ကျမတို့မှာ တာဝန်ရှိတယ်ပေါ့နော်” ဟု ပြောသည်။

ထို့ကြောင့် နစ်နာသူနှင့် ကျူးလွန်သူ ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရပ်ဆိုင်ရာ ဆက်လက် သင်ယူ နိုင်ရန် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးစင်တာကို စတင် အကောင်အထည် ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဌာနမှူးကြီးက ပြောသည်။

အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် ၇၂ နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်၌လည်း ကရင်နီပြည်တွင်း စစ်ရေးပဋိပက္ခနှင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုများကြောင့် ကလေး သူငယ်များ ပညာသင်ယူခွင့် ဆုံးရှုံးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ ကြုံတွေ့နေရကြောင်း IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနက ဖော်ပြထားသည်။

ထိုသို့သော အခြေအနေများကြောင့် ကလေးသူငယ်များကို လက်နက်ကိုင်ပဋိပက္ခနှင့် အန္တရာယ်ရှိသည့် လုပ်ငန်းများတွင် အသုံးမပြုရန်၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ပညာသင်ယူနိုင်မည့် လုံခြုံသော ပတ်ဝန်းကျင် ဖန်တီးပေးရန်နှင့် ကလေးသူငယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကို လူမှုအသိုင်းအဝိုင်း တစ်ရပ်လုံးက စုပေါင်းဆောင်ရွက်ကြရန်လည်း IEC က တိုက်တွန်းထားသည်။

လက်ရှိတွင် ပြည်နယ်အတွင်း အဖက်ဖက်မှ ဝန်ဆောင်မှုလိုအပ်ချက် များပြားနေသဖြင့် အရင်းအမြစ် ခွဲဝေပေး နိုင်မှု အားနည်းနေသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကလေးသူငယ်များ၏ ဘေးကင်း လုံခြုံရေးနှင့် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက် ရှိသည်။

ပုံစာ – ကရင်နီပြည်တွင်း တစ်နေရာမှ စစ်ရှောင်ကလေးငယ်များ။ / (ဓါတ်ပုံ Crd – Clean Yangon)