ဒီးမော့ဆိုနှင့် မော်ချီး ဒေသများကို စစ်ကော်မရှင် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုများရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းနှင့် ဖားဆောင်းမြို့နယ်တွင်းမှ မော်ချီးဒေသတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူများ ထိမှန်သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သည်။
စစ်ကော်မရှင်တပ်က မော်ချီးဒေသထဲကို ဩဂုတ်လ ၂၀ ရက်နေ့၊ နံနက် ၆ နာရီ ဝန်းကျင် အချိန်ခန့်တွင် လေကြောင်းမှ ထပ်မံ ဗုံးကြဲသောကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ထိမှန်ဒဏ်ရာရခဲ့သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ကပြောသည်။
IEC အတွင်းရေးမှူး -၂ ဦးဗညားက “ဒီမနက် ၆နာရီ မော်ချီး လိုခါးလိုမှာ ဗုံးကြဲတာပေါ့နော်။ Y12 ဗုံးကြဲ လေယာဉ်နဲ့ပေါ့နော် လာကြဲသွားပါတယ်။ အဲ့မှာတော့ တစ်ယောက် သေဆုံးပြီ နှစ်ယောက် ဒဏ်ရာရတယ်။ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးတာ တွေ့ရပါတယ်” ဟု ပြောသည်။
မော်ချီးဒေသထဲက လိုခါးလိုကျေးရွာကို Y12 လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဦးဗညားက ပြောသည်။
စစ်ကော်မရှင်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မော်ချီးဒေသကို ဆက်တိုက် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။
အလားတူ ဩဂုတ်လ ၂၀ ရက်နေ့ တစ်နေ့တည်း၌ပင် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက နေရာတစ်နေရာလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသေးသည်။
ဦးဗညားက “ဒီးမော့ဆို အနောက်ခြမ်းကိုတော့ ၁၁ နာရီ ဝန်းကျင်လောက်မှာတော့ ဗုံးလာကြဲသွားပါတယ်“ ဟု ပြောသည်။
ဒီးမော့ဆိုမြို့နယ်ထဲတွင် မြေပြင်၌လည်း စစ်ကော်မရှင်တပ်နှင့် ကရင်နီ တော်လှန်ရေး အင်အားစုများအကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျှက်ရှိသည်။
တိုက်ပွဲများ ဖြစ်နေသောကြောင့် ဒီးမော့ဆိုမြို့နယ်ထဲက လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စု လမ်းမကြီးကို ပြည်သူများ မသွားလာကြရန် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က သတိပေးထား သည်။
စစ်ကော်မရှင်တပ်သည် ကရင်နီပြည်နယ်ထဲ မြေပြင်ထိုးစစ်များ ထိုးနေသည့် အပြင် အရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေသောကြောင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှုများ ရှိနေသည်။
မော်ချီးဒေသထဲက လိုခါးလိုကျေးရွာကို ဩဂုတ်လ ၁၉ ရက်နေ့က စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃ ဦး ထိမှန် ဒဏ်ရာရရှိခဲ့သည်။
အလားတူ ဩဂုတ်လ ၁၇ ရက်နေ့ကလည်း မော်ချီးဒေသကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် က လေးငယ် ၅ ဦး အပါအဝင် အရပ်သား ၃၂ ဦး သေဆုံးခဲ့ကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက် ခိုက်ခံခဲ့ရသော နေရာများမှ ပြည်သူအချို့လည်း ပျောက်ဆုံးနေလျှက်ရှိသည်။
စစ်ကော်မရှင်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဩဂုတ်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ မော်ချီးဒေသရှိ အရပ်သားပြည်သူ ၃၃ ဦး သေဆုံးပြီး ထိမှန်ဒဏ်ရာရရှိသူ ၁၀ ဦး အထိ ရှိနေပြီ ဖြစ်သည်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) က ကုလသမဂ္ဂနှင့် အာဆီယံ အပါအဝင် နိုင်ငံတကာ အစိုးရများ အနေဖြင့် စစ်ကော်မရှင်တပ်၏ ကြီးလေးသော စစ်ရာဇဝတ်မှု ကျူးလွန်နေမှုအပေါ် ထိရောက်စွာ အရေးယူပေးရန် တိုက်တွန်း တောင်းဆိုထားသည်။