ဒီးမော့ဆိုကို စစ်ကော်မရှင်တပ်များ အပြည့်အဝ မထိန်းချုပ်နိုင်သေးဟု ကရင်နီ တော်လှန်ရေး တပ်များ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။ 

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း စစ်ကော်မရှင်တပ်က ထုတ်ပြန် မှုမှာ ဝါဒဖြန့်ခြင်းသာ ဖြစ်သည်ဟု ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဒီးမော့ဆိုမြို့ကို ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ်က ကြိုးပမ်းနေဆဲဖြစ်ပြီး မြေပြင်တွင် တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားနေသည်ဟု ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပြောသည်။

ဒီးမော့ဆိုမြို့နယ် ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်တစ်ဦး တစ်မြို့လုံးကို ထိန်းချုပ်နိုင်တာ မဟုတ်သေးဘူး။ အဓိက မြို့မနေရာကိုပဲ ရထားတာပါ။ ဒီအရှေ့ဘက်ကို တော်တော်ရထားတယ်။ အနောက်ဘက်မှာတော့ ဒေါငံ ခါးကနေ မားနာပလော့ထိ ရထားတယ် ဟု ပြောသည်။

‘ရန်နိုင်မင်း’ စစ်ဆင်ရေးအဖြစ် သြဂုတ်လ ၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ ထိုးစစ်ဆင်ပြီး နောက် မြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ကော်မရှင်တပ်က ကြေညာခဲ့သည်။

သို့သော် မြေပြင်ရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ ပြောပြချက်အရ  မြို့မဧရိယာနှင့် အချို့သော နေရာများကိုသာ ထိန်းချုပ်ထားနိုင်သေးသည်ဟု ဆိုသည်။

ဒီးမော့ဆိုမြို့ အဝင်ဆိုင်းဘုတ်၊ ငွေတောင်ဆည်၊ မြို့နယ်ခန်းမ၊ ဆေးရုံနှင့် အထက်တန်းကျောင်း ရှေ့၌ ရိုက်ထား သော ဓါတ်ပုံများနှင့် အတူ စစ်ကော်မရှင်တပ်က မြို့ကို ထိန်းချုပ်လိုက်ပြီဟု ထုတ်ပြန်လာသည်။

အဆိုပါ ထုတ်ပြန်မှုမှာ ဝါဒဖြန့်ခြင်း သက်သက်သာဖြစ်ကြောင်း၊ သတင်းအမှားသာ ဖြစ်ကြောင်း မြေပြင် ရှိ သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကော်မရှင်တပ်သည် ဒေသအခြေစိုက် ခလရ ၁၀၂ နှင့် ခမရ ၄၂၇ တို့ကို အခြေစိုက်ကာ အင်အား ၃၀၀ ကျော် ဖြင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ဒေါငံခါးကျေးရွာဘက်သို့ စစ်ကြောင်း နှစ်ကြောင်းဖြင့် ဆက်လက် စစ်ကြောင်းထိုးနေသည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။ 

ထို့အပြင် လေကြောင်း၊ လက်နက်ကြီး၊ တင့်ကားအပြင် အထူးသဖြင့် ဒရုန်းများကို အဓိက အသုံးပြုကာ မြို့ကို ပြန်လည်ရရှိရေး အပြင်းအထန် ကြိုးစားနေသည်ဟု ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သြဂုတ်လ ၄ ရက်နေ့တွင် ဒီးမော့ဆိုမြို့ မြောက်ဘက်ခြမ်းရှိ ရွှေယောက် ရပ်ကွက်နှင့် အရှေ့တောင်ဘက်ရှိ ပါဒေါဒူကျေးရွာတို့မှ စတင်ထိုးစစ်ဆင်ခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် အောင်မင်္ဂလာ၊ စည်ပင်သာယာရပ်ကွက်များအပါအဝင် မြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးစသည့် အစိုးရ ရုံးများကို ဆက်တိုက်သိမ်းပိုက်ကာ သြဂုတ်လ ၁၉ ရက်နေ့တွင် မြို့တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ပြီဟု ထုတ် ပြန်ခဲ့ခြင်း ဖြစ်သည်။ 

စစ်ကော်မရှင်တပ်သည် အင်အားအလုံးအရင်းဖြင့် ရှမ်း – ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့ကို ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒီးမော့ဆိုမြို့ကိုလည်း ပြန်လည် ထိန်းချုပ်နိုင်ရေး ကြိုးစားနေခြင်း ဖြစ်သည်။

ကယန်းအမျိုးသား တပ်မတော် (KNA) နိုင်ငံရေး ဦးဆောင်ကော်မတီမှ ခွန်းရဲခေါင်က လက်နက်ကိုင် တော်လှန် ရေးမှာလည်း ကျနော်တို့ အားကောင်းတဲ့ အချိန်မှာ ရန်သူစိုးမိုးတဲ့ နယ်မြေတွေကို စိုးမိုးသိမ်းပိုက်ထားတာ ရှိ သလို၊ ကျနော်တို့ဘက်က အားနည်းလာတဲ့ အခါမှာ လည်း ရန်သူရဲ့ အလုံးအရင်းနဲ့ ဝိုင်းဝန်း ပိတ်ဆို့ပြီးတော့မှ တိုက်ခိုက်တာ ခံရပါတယ်၊ ဒါဟာ တော်လှန်စစ်ရဲ့ သဘော သဘာဝပဲ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ရန်သူရဲ့ တိုးချဲ့လာတဲ့အပေါ်မှာ ကျနော်တို့ စစ်ရေးအရ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာကို စဉ်းစား တိုင်ပင်ပြီးတော့မှ ရန်သူကို ချေမှုန်းနိုင်တဲ့ နည်းနာတွေကို စုစည်းပြီး ဒါကို ကျနော်တို့ တုံ့ပြန်သွားကြရမှာ ဖြစ်ပါတယ် ဟု ပြောသည်။

ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုမြို့တို့ကို ကရင်နီ တော်လှန်ရေး တပ်များက တစ်လေးလုံး စစ်ဆင်ရေးကာလ အတွင်း ထိန်းချုပ်ထားခဲ့ပြီးနောက် ဒေသခံများ နေရပ်သို့ ပြန်လည်နေထိုင်ခဲ့ကြသည်။ 

သို့သော် လက်ရှိ စစ်တပ်၏ ထိုးစစ်များကြောင့် မိုးဗြဲ၊ ဖယ်ခုံနှင့် ဒီးမော့ဆိုမြို့နယ်တို့ထဲမှ ဒေသခံ တစ်သောင်းခွဲ ကျော်မှာ ထပ်မံ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC နှင့် အကူtညီပေးနေသော အဖွဲ့အစည်းများက ပြောသည်။ 

ဒီးမော့ဆိုမြို့ ထိုးစစ်အတွင်း စစ်တပ်က အရပ်သားများကို လူသားဒိုင်းကာ အဖြစ် အသုံးပြုခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သြဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းသွယ်များကို အသုံးမပြုရန် ပြည်သူများကို သတိပေးထားသည်။

ယခုနှစ်ကုန်တွင် ကျင်းပမည်ဟု ထုတ်ပြန်ထားသော ရွေးကောက်ပွဲအတွက် စစ်ကော်မရှင်တပ်မှ နယ်မြေ စိုးမိုးမှု ပြန်လည်ရယူနေခြင်း ဖြစ်သည်။