BGF/KNA တပ်ဖွဲ့များအား ဒရုန်းဗုံးဖြင့် တိုက်
သတင်းနှင့် မီဒီကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
ကရင်အမျိုးသား တပ်မတော် KNA အဖြစ် ပြောင်းလဲခဲ့သော BGF တပ်ဖွဲ့၏ ဂိတ်စခန်းကို စစ်ကော်မရှင်တပ်က လေကြောင်းနှင့် အသေခံဒရုန်းများဖြင့် တိုက်ခိုက်ရာ တပ်ဖွဲ့ဝင်များနှင့် အရပ်သားများ ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ KNA အသွင်ပြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) ၏ သံလွင်မြစ်ဘေး ကူးတို့ဆိပ်ဂိတ်စခန်းများကို စစ်ကော်မရှင်တပ်က လေကြောင်းနှင့် အသေခံဒရုန်းများအသုံးပြုကာ ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်ခံရမှုထဲတွင် KNA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး အရပ်သားများ အပါအဝင် ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များက ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ BGF အသွင်ပြောင်း KNA တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “၃ နာရီကျော်မှာ နေ့ခင်းနော်၊ အဲ့အချိန်မှာ ပထမ အကြိမ် ဗုံး ၂ လုံး ကြဲချပြီးနောက် ညနေ ၄ နာရီဝန်းကျင်မှာ ဒုတိယအကြိမ်အဖြစ် နောက်ထပ် ဗုံးသီး ၂ လုံး ကြဲချခဲ့တာပါ။ လေယာဉ်နဲ့ ဗုံးကြဲရုံတင်မကဘဲ အသေခံဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့တာ” ဟု အတည်ပြုပြောသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီအတွင်း သံလွင်မြစ်ကမ်းဘေးရှိ သိုက်တောနှင့် ဥဒေါင်း ကျေးရွာအနီးရှိ BGF ဂိတ်စခန်းများကို စစ်ကော်မရှင်လေတပ်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အပြင်၊ အသေခံ (Kamikaze) ဒရုန်းများဖြင့်ပါ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှု အတွင်း ကူးတို့ဆိပ်၌ ရှိနေသည့် လူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ BGF တပ်ဖွဲ့ ဝင်များနှင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
ဗုံးကြဲခံရသည့်နေရာသည် BG/KNAF စစ်ဒေသ အမှတ် (၁) တပ်နယ်မှူး ဗိုလ်မှူးကြီးစောစိုးနိုင်၏ လက်အောက်ခံ တပ် စခန်းဖြစ်သည်။
အခြားသတင်းရင်းမြစ် အချို့၏ အဆိုအရ အဆိုပါနယ်မြေသည် တပ်နယ် (၂) ကွပ်ကဲမှုအောက် တွင်ရှိပြီး ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ KNA အဖြစ် ဘက်တံဆိပ်ပြောင်းထားသည့် တပ်နယ်ဖြစ်ကြောင်း လည်း သိရသည်။
ထို့ကြောင့် BGF မှ KNA သို့ အသွင်ကူးပြောင်းမှုအပေါ် စစ်ကော်မရှင်တပ်က ဖိအားပေးတိုက်ခိုက်ခြင်း ဖြစ်နိုင် ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။
ဗုံးကြဲခံရသည့် BGF ဂိတ်စခန်းသည် ထိုင်း-မြန်မာနယ်စပ်မှ ဝင်ရောက်လာသည့် လူနှင့်ကုန်စည်များ၊ စက်သုံးဆီ များ စီးဆင်းရာ အရေးပါသည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည်။
စစ်ကော်မရှင်တပ် ဂိတ်များ၏ အစစ်အဆေးကို ရှောင်ရှားလိုသည့် ကုန်သည်များနှင့် ဒေသခံများမှာ သံလွင်မြစ် ကြောင်းကို အသုံးပြု၍ ကူးသန်းသွားလာနေကြခြင်းဖြစ်သည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးက “KNU အဖွဲ့ဝင်တွေ ကမ်းကူးမယ့် သတင်းကြောင့် တိုက်ခိုက်တာလို့ စစ်တပ် ဘက်က ပြောပေမဲ့ မြေပြင်မှာတော့ ကူးတို့ဖောင်ပေါ်ကို ဗုံးကျလို့ အရပ်သားတွေပါ ထိကုန်တာပဲ” ဟု ပြောသည်။
စစ်ကော်မရှင် လေတပ်၏ ဗုံးကြဲမှုကြောင့် သိုက်တော၊ ဥဒေါင်းနှင့် နန်းသာအုံကျေးရွာများမှ ဒေသခံ ၂၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဇန်နဝါရီလ ၁ ရက်နေ့တွင် BGF တပ်ရင်းအများစုက KNA အဖြစ် အမည်ပြောင်းလဲပြီးနောက်ပိုင်း စစ်ကော်မရှင် တပ်က BGF တပ်စခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ BGF တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း လတ်တလော တွင် အဆက်အသွယ် မရရှိသေးပေ။