စမွတ်ပရာကန်ရှိ မြန်မာလုပ်သားများနှင့် ထိုင်းနိုင်ငံသားများအကြား ခိုက်ရန်ဖြစ်ပွားမှု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ရှိ ဘန်ဘို (Bang Bo) မြို့နယ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ထိုင်းဆိုင်ကယ်ကယ်ရီသမားများအကြား ခိုက်ရန်ဖြစ်ပွားမှုတစ်ခု ဇန်နဝါရီလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မြန်မာလုပ်သားမောင်းနှင်လာသည့် ပစ်ကပ်ကားနှင့် ထိုင်းဆိုင်ကယ်ကယ်ရီသမားတို့ တိုက်မိလုနီးပါးဖြစ်ရာမှ ဟွန်းတီးသတိပေးမှုကို အကြောင်းပြု၍ အငြင်းပွားမှု စတင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဆိုင်ကယ်သမားဘက်မှ သူငယ်ချင်းများဖြင့် လာရောက်ဖြေရှင်းရာတွင် မြန်မာလုပ်သား ၆ ဦးက တုတ်များဖြင့် ထွက်လာခဲ့ပြီး ဆိုင်ကယ်ကို ရိုက်နှက်ရာမှ ရုန်းရင်းဆတ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် ထိုင်းကယ်ရီသမား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး မြန်မာလုပ်သားများမှာ ဒဏ်ငွေပေးဆောင်ခဲ့ရသည်။
အဆိုပါကိစ္စကြောင့် ဒေသခံထိုင်းဆိုင်ကယ်သမား ၁၀၀ ကျော်က မကျေမနပ် ဆန္ဒပြခဲ့ကြသဖြင့် ဆိုင်ရှင်ဖြစ်သူက ကျူးလွန်သူ မြန်မာလုပ်သား ၆ ဦးစလုံးကို အလုပ်ထုတ်ပစ်ခဲ့သည်။
သို့သော် အုပ်ချုပ်ရေးပိုင်းမှ စာရွက်စာတမ်း မပြည့်စုံမှုကို စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်အား အကန့်အသတ်မရှိ ပိတ်ထားရန် အမိန့်ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်သူများက မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာကြရန် အထူးသတိပေး နှိုးဆော်ထားသည်။