ထိုင်းနိုင်ငံတွင် စက်သုံးဆီ လီတာ ၅၇ သန်း ပျောက်ဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်သာနီပြည်နယ်ရှိ စက်သုံးဆီသိုလှောင်ရုံများသို့ သယ်ယူပို့ဆောင်ရာတွင် စက်သုံးဆီ လီတာ ၅၇ သန်းခန့် လျော့နည်းပျောက်ဆုံးနေမှုကို စစ်ဆေးတွေ့ရှိရသဖြင့် တရားရေးဝန်ကြီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) တို့က အထူးအမှုအဖြစ် အရေးယူဆောင်ရွက်လျက်ရှိသည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။
စုံစမ်းစစ်ဆေးမှုမှတ်တမ်းများအရ ရေနံတင်သင်္ဘောများဖြင့် ဆူရတ်သာနီပြည်နယ်ရှိ သိုလှောင်ရုံ ၆ ခုသို့ စက်သုံးဆီများ ပို့ဆောင်ရာတွင် လီတာ ၂၁၇ သန်း ပို့ဆောင်ခဲ့သော်လည်း လီတာ သန်း ၁၆၀ သာ လက်ခံ ရရှိပြီး ကျန် လီတာ ၅၇ သန်းမှာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ တရက်တာ ဒီဇယ် သုံးစွဲမှု ပမာဏမှာ လီတာ ၆၅ သန်း ရှိပြီး စုစုပေါင်း စက်သုံးဆီ သုံးစွဲမှု ပမာဏမှာ လီတာ သန်း ၁၀၀ ခန့်သာ ရှိသဖြင့် ပျောက်ဆုံးသည့် ပမာဏမှာ တရက်တာ စက်သုံးဆီ သုံးစွဲမှု၏ ထက်ဝက်ခန့်ရှိနေသည်။
ဝန်ကြီးချုပ် Anutin Charnvirakul ၏ ညွှန်ကြားချက်အရ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) တွင် စက်သုံးဆီစီးဆင်းမှု လမ်းကြောင်းတစ်ခုလုံးကို စောင့်ကြည့်စစ်ဆေးရန် အထူးဗဟိုဌာနတစ်ခု ဖွင့်လှစ်ခဲ့သည်။
ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အရာရှိများသည် စက်သုံးဆီအရောင်းဆိုင်များမှတစ်ဆင့် မူလသိုလှောင်ရုံများအထိ နောက်ကြောင်းပြန် ခြေရာခံစစ်ဆေးလျက်ရှိပြီး၊ DSI က ရေနံချက်စက်ရုံမှ အရောင်းဆိုင်များအထိ ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကို စစ်ဆေးလျက်ရှိသည်။
စက်သုံးဆီများအား ရည်ရွယ်ချက်ရှိရှိ သိုလှောင်ထားခြင်း၊ ရောင်းချရန် ငြင်းဆန်ခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ရေးကို နှောင့်နှေးကြန့်ကြာအောင် ပြုလုပ်ခြင်းတို့သည် စက်သုံးဆီကုန်သွယ်မှုဥပဒေအရ ပြစ်မှုမြောက်သဖြင့် ပြင်းထန်စွာ အရေးယူသွားမည်ဟု ဆိုသည်။
လက်ရှိတွင် အာဏာပိုင်များအနေဖြင့် စက်သုံးဆီများကို ဈေးကစားရန်အတွက် တမင်သိုလှောင်ထားခြင်း (Hoarding) နှင့် တရားမဝင် မှောင်ခိုရောင်းဝယ်ခြင်း (Smuggling) တို့ ရှိနိုင်သည်ဟု သံသယရှိထားသည်။
ထို့ကြောင့် သယ်ယူပို့ဆောင်ရေး ကြာမြင့်ချိန်များ ပုံမှန်ထက် ပိုမိုနေမှုနှင့် စာရင်းအင်းအချက်အလက်များကို အသေးစိတ် တိုက်ဆိုင်စစ်ဆေးလျက်ရှိသည်။
တရားရေးဝန်ကြီး Pol Lt Gen Rutthaphon Naowarat က ဤအမှုကို စံနှုန်းတစ်ခုတည်းဖြင့် တိကျစွာ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အမြင့်ဆုံး အရေးယူသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားထားသည်။