ထိုင်းနိုင်ငံ Rayong တွင် မြန်မာနိုင်ငံသားတစ်ဦး ခွေးရူးရောဂါဖြင့်သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။ 

ထိုင်းနိုင်ငံ  လယောင်း Rayong မြို့တွင် ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပထမဆုံး ခွေးရူးရောဂါဖြင့် သေဆုံးမှု ဖြစ်ခဲ့ပြီး သေဆုံးသူများ အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား ဖြစ်သည်ဟု နေရှင်း သတင်းစာက ဖော်ပြသည်။ 

သေဆုံးသူသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ပိုင်ရှင်မဲ့ ခွေးပေါက်စတစ်ကောင်က ညာဘက်လက်ဖဝါးတွင် ကိုက်ခြင်းကို ခံခဲ့ရသည်။

အကိုက်ခံရပြီးနောက် ဒဏ်ရာကို ဆေးကြောခြင်း မပြုလုပ်ခဲ့သလို၊ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးနှံရန်အတွက်လည်း ဆရာဝန်ထံ သွားရောက်ပြသခြင်း မရှိခဲ့ပေ။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စတင်၍ ရေသောက်ပြီးနောက် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် ခေါင်းမူးခြင်း ဝေဒနာများ ခံစားခဲ့ရသည်။

ရောဂါလက္ခဏာများ ပြင်းထန်လာပြီးနောက် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) ညွှန်ကြားရေးမှူးချုပ် Dr. Montien Kanasawat က ခွေးရူးပြန်ရောဂါသည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကူးစက်တတ်ပြီး ဖြစ်ပွားပါက သေဆုံးနိုင်ခြေ အလွန်မြင့်မားကြောင်း သတိပေးခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်းကလည်း ထိုင်းနိုင်ငံ၌ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူ ၇ ဦး ရှိခဲ့ပြီး၊ ချွန်ဘူရီ၊ တာ့ခ်၊ စီစကက်၊ နခွန်ရပ်ချာစီမာ၊ ချာချိုအန်ဆောင်နှင့် လယောင်း ခရိုင်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူအားလုံးမှာ တိရစ္ဆာန် အကိုက်ခံရပြီးနောက် ကာကွယ်ဆေး သွားရောက်မထိုးနှံခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့အနက် ထက်ဝက်ကျော်မှာ ပိုင်ရှင်ရှိသော ခွေးများထံမှ ရောဂါကူးစက်ခံရခြင်း ဖြစ်သည်။

နို့တိုက်သတ္တဝါအားလုံးသည် ခွေးရူးပြန်ဗိုင်းရပ်စ်ကို သွားရည်မှတစ်ဆင့် သယ်ဆောင်နိုင်ပြီး အကိုက်ခံရခြင်း၊ ကုတ်ခံရခြင်း သို့မဟုတ် ဒဏ်ရာကို လျက်ခံရခြင်းတို့မှတစ်ဆင့် လူသို့ ကူးစက်နိုင်သည်။ 

ထို့ကြောင့် တိရစ္ဆာန် အကိုက်ခံရပါက ဒဏ်ရာကို ဆပ်ပြာနှင့် ရေဖြင့် စင်ကြယ်အောင် အမြန်ဆုံး ဆေးကြောရန်နှင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်၍ ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံရန် တိုက်တွန်းထားသည်။