ရွေးကောက်ပွဲနောက်ပိုင်းမြန်မာနိုင်ငံအပေါ် ချည်းကပ်ရန်ထိုင်းနိုင်ငံကနည်းလမ်းသစ် အဆိုပြု 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်။ 

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ စစ်တပ်ကျောထောက်နောက်ခံပြု USDP ပါတီ အနိုင်ရခဲ့ပြီးနောက် တက်လာမည့် အစိုးရသစ်ကို “Calibrated Engagement” ခေါ် အခြေအနေပေါ်မူတည်၍ ချိန်ဆထိတွေ့ဆက်ဆံသည့် နည်းလမ်းဖြင့် ဆောင်ရွက်ရန် ထိုင်းနိုင်ငံက အာဆီယံသို့ အဆိုပြုခဲ့သည်။ 

ယင်းသည် ချက်ချင်းအသိအမှတ်ပြုခြင်းမျိုး မဟုတ်ဘဲ မြန်မာဘက်မှ အကြမ်းဖက်မှု လျှော့ချခြင်းနှင့် လူသားချင်းစာနာမှု အကူအညီများ ခွင့်ပြုခြင်းစသည့် သတ်မှတ်ချက်များ (Benchmarks) အပေါ် မူတည်၍ တစ်ဆင့်ချင်း ဆောင်ရွက်သွားမည့် နည်းလမ်းဖြစ်သည်။

ကုလသမဂ္ဂနှင့် ဗြိတိန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ယင်းရွေးကောက်ပွဲကို “ဟန်ပြ” အဖြစ် ရှုတ်ချထားသော်လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကမူ အပြုသဘောဆောင်သော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်မလားဆိုသည်ကို စောင့်ကြည့်လျက်ရှိသည်။ 

သို့ရာတွင် အာဆီယံအနေဖြင့် မြန်မာစစ်ခေါင်းဆောင်များကို အစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ထားဆဲဖြစ်ပြီး မူဝါဒ ၅ ချက်အပေါ်တွင်သာ ဆက်လက်အခြေခံသွားမည်ဖြစ်သည်။