စစ်အုပ်စုကို ထိုင်းက ဖိတ်ခေါ်သော်လည်း အာဆီယံတစ်စုံလုံး လက်ခံရန် ခဲယဉ်းဟု ဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။
စစ်အုပ်စုကို ပြန်လည် ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံက အာဆီယံကို တိုက်တွန်းပြောဆိုထားသော်လည်း လက်ရှိ အာဆီယံ၏ ဘုံသဘောတူညီချက်များ အရ စစ်အုပ်စုနှင့် အာဆီယံတစ်စုံလုံး၏ ထိတွေ့ဆက်ဆံမှုများ ဖြစ်လာ နိုင်သည့် အရိပ်အယောင်များ မတွေ့ရကြောင်း တက်ကြွလှုပ်ရှားသူများက ပြောဆိုလိုက်သည်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်က ဩဂုတ်လ ၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း စစ်အုပ်စုကို ပြန်လည်ထိတွေ့ဆက်ဆံရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်၏ အဆိုပါ တိုက်တွန်းပြောဆိုမှုများနှင့်ပတ်သက်၍ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မူဝါဒရေး ရာ ဦးဆောင်အဖွဲ့ဝင် မတင်တင်ညိုက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။
“ထိုင်းနိုင်ငံက မြန်မာကို အာဆီ ယံရဲ့ တကယ့် ထိပ်သီး အစည်းအဝေးတွေမှာ ပြန်ပါလာစေချင်တဲ့အပိုင်းတွေက ပြောမယ်ဆိုလို့ရှိရင် အာဆီယံ တစ်စုံလုံးရဲ့ အကျိုးစီးပွားကို စဉ်းစားတယ်ဆိုတာထက် ထိုင်းနိုင်ငံရဲ့ အကျိုးစီး ပွားကို စဉ်းစားတယ်ဆိုတဲ့ဟာမျိုး ပိုမိုပေါ်လွင်တယ်လေပေါ့နော။ ဒီသံတမန် နည်းအရ တည်ဆောက်မှုကနေ တစ်ဆင့် ဒီမြန်မာနိုင်ငံကို အထူး သဖြင့် မင်းအောင်လှိုင်အစိုးရကို အသိအမှတ်ပြုရေးနဲ့ ခုနက သူ့ရဲ့ အကျိုးစီး ပွားတွေကို ပြန်လည်ရရှိရေးစတဲ့ ရည်မှန်းချက်တွေနဲ့ပဲ အခုလိုမျိုး လုပ်လာတယ်လို့ပဲ မြင်တယ်ပေါ့လေနော်။”
ထိုင်းနိုင်ငံအနေဖြင့် စစ်အုပ်စုနှင့် ပြန်လည်ထိတွေ့ ဆက်ဆံမှုများကို လုပ်ဆောင်ရခြင်းမှာ မြန်မာ့ပဋိပက္ခကြောင့် ၎င်းတို့နိုင်ငံအတွင်းသို့ ထွက်ပြေးရောက်ရှိလာသည့် ဒုက္ခသည်ပြဿနာကို ဖြေရှင်းရန်၊ မူးယစ်ဆေးဝါး ပြဿနာ နှင့် ကျားဖြန့်ဟုခေါ်သည့် ငွေလိမ်လုပ်ငန်းများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန်နှင့် အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။
ထိုင်းဝန်ကြီးချုပ်က စစ်အုပ်စုနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် တိုက်တွန်းနေသော်လည်း အာဆီယံနှင့် နိုင်ငံတ ကာအနေဖြင့် စစ်အုပ်စုကို တရားဝင် အသိအမှတ်ပြု ဆက်ဆံလာရန် မဖြစ်နိုင်သည့် အကြောင်းအရင်းများစွာ ရှိနေကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ထောက်ပြပြောဆိုသည်။
“မြန်မာပြည်ရဲ့ တရားဝင် သမ္မတ ဦးဝင်းမြင့် ဖြစ်တယ်။ တရားဝင် နိုင်ငံခြားရေး ဝန်ကြီးက ဒေါ်အောင်ဆန်းစု ကြည်ဖြစ်တယ်။ ဒီအပေါ်မှာ သူတို့ အသိ အမှတ်ပြုမှု အရင်ဆုံး ရုတ်သိမ်းရမယ်။ ရုတ်သိမ်းဖို့ ဆိုတဲ့ ကိစ္စမှာ လည်း အင်မတန်ခက်ခဲတယ်။ အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုမှုကတော့ တစ်ပိုင်းဖြစ်ပါတယ်။ ဟိုတရုတ်တို့ အိန္ဒိယတို့က အသိအမှတ်ပြု ဆက်ဆံပေမယ့်ပေါ့နော်။ အာဆီယံနဲ့ ကုလသမဂ္ဂကတော့ သူ့ရဲ့ စည်းဘောင်ထဲကနေ သွားရမှာ ဖြစ်တယ်။ ကုလသမဂ္ဂနဲ့ အာဆီယံဆိုတာကတော့ သူတို့ တစ်နိုင်ငံချင်း ဆိုင်ရာ အကျိုးစီးပွားတွေအတွက် သူတို့ရဲ့ အသင်းအဖွဲ့လိုက်ထားရှိတဲ့ မူတွေအပေါ်မှာ သူတို့ရပ်တည်ရမှာ ဖြစ်တယ်။”
ထို့ပြင် အာဆီယံက ချမှတ်ထားသည့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်အုပ်စုဘက်က လက်မခံဘဲ အကောင်အထည်ဖော်ရန် ငြင်းဆန်နေခြင်းသည်လည်း နိုင်ငံတကာနှင့် အာဆီယံတစ်စုံလုံးက စစ်အုပ်စုနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ခဲယဉ်းစေသည့် အဓိကအချက်တစ်ရပ် ဖြစ်နေကြောင်း ခွန်မြင့်ထွန်းက ဆိုသည်။
အခြားတစ်ဖက်တွင်မူ ထိုင်းနိုင်ငံအနေဖြင့် စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် နှစ်ရက်တာ ခရီးစဉ်အဖြစ် ဖိတ်ကြားခဲ့ပြီး အသိအမှတ်ပြုလိုက်သည့်သဘော သက်ရောက် စေမည့် ကောဇောနီခင်းကာ ခမ်းခမ်းနားနား ကြိုဆိုမှုများကို လုပ်ဆောင်ပြသခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မတင်တင်ညိုက ဆက်လက်သုံးသပ်ရာတွင် “ထိုင်းနိုင်ငံအနေနဲ့က စစ်အုပ်စုကို အခုလို မျိုး ကော်ဇောနီခင်းပြီးမှ ကြိုဆိုလိုက်တယ်။ ဒီအခြေအနေတစ်ရပ်က အာဆီယံ ဘုံသဘောတူညီချက် တစ်စုံ လုံးကိုတော့ ပြောင်းလဲ ပစ်လိုက်နိုင်မယ်လို့ ကျမကတော့ မမြင်ဘူး။ အာဆီယံအနေနဲ့ကတော့ ဘုံသဘောတူညီ ချက် ၅ ရပ်အပေါ် မှာတော့ ဆက်ရပ်တည်နေမယ်လို့တော့ ကျမမြင်တယ်။ ဆိုတော့ ဒီမင်းအောင်လှိုင်အစိုးရကို အသိအမှတ်ပြု လိုက်ပြီးတော့ ပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကို မျက်ကွယ်ပြုလိုက်မယ်ဆိုတဲ့ ပုံစံမျိုးက တော့ အာဆီယံက မလုပ်သင့်ဘူး လုပ်လည်း လုပ်မယ်လို့လည်း ကျမတို့ အနေနဲ့ မမှန်းဆထားချင်ဘူး ပေါ့လေ နော်” ဟု ပြောသည်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်မှာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများအား ချက်ချင်းရပ်တန့်ရန်၊ သက် ဆိုင်ရာ အစုအဖွဲ့အားလုံး အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ရန်၊ ဆွေးနွေးမှုများတွင် ကြားဝင် ကူညီဖြေရှင်းပေးရန်အတွက် အာဆီယံအသင်းဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖွဲ့အား ခန့်အပ်ရန်တို့ ပါဝင်သည်။
ထို့ပြင် အာဆီယံ၏ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Centre) မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးရန်နှင့် အထူးကိုယ်စားလှယ်အဖွဲ့မှ သက်ဆိုင်ရာ အစုအဖွဲ့များအားလုံးနှင့် တွေ့ဆုံရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်ရန်စသည့် အချက်များ ပါဝင်သည်။
လက်ရှိ အခြေအနေတွင် စစ်အုပ်စုကို တရားဝင်မှုအဖြစ် ထိတွေ့ဆက်ဆံနေသည့် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘီလာရုစ်နှင့် လာအိုနိုင်ငံတို့ ဖြစ်ကြပြီး ယခုအခါတွင်မူ ထိုင်းနိုင်ငံလည်း ပါဝင်လာပြီ ဖြစ်သည်။
ဓါတ်ပုံ – REUTERS