ဒေါ်အောင်ဆန်းစုကြည်အား ချွင်းချက်မရှိ လွှတ်ပေးရန် US နိုင်ငံခြားရေး ဌာနနှင့် အာဆီယံ ဥက္ကဋ္ဌတောင်းဆို 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။ 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အာဆီယံဥက္ကဋ္ဌတို့က ဖမ်းဆီးထိန်းသိမ်းခံထားရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ယနေ့ ဩဂုတ် ၇ ရက် သောကြာနေ့တွင် ထပ်မံတောင်းဆိုလိုက်ကြကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။ 

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ရာမှ ပြီးခဲ့သည့် တနင်္လာနေ့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တစ်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာနနှင့် အာဆီယံဥက္ကဋ္ဌတို့က သီးခြားစီထုတ်ပြန်သည့် ကြေညာချက်များတွင် ICRC ၏ အဆိုပါတွေ့ဆုံမှုကို ကြိုဆိုကြောင်းနှင့် အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ အပါအဝင် ပုံမှန်တွေ့ဆုံခွင့်ရရှိရေးအတွက် စတင်မှုတစ်ခုဖြစ်ရန် မျှော်လင့်ကြောင်း ဖော်ပြထားကြသည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဆီ ပိုမိုဝင်ရောက်တွေ့ဆုံခွင့်ရဖို့ တိုက်တွန်းပါကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝနဲ့ ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရေးအပါအဝင် ထိန်းသိမ်းခံထားရသူ အားလုံးကို လွှတ်ပေးဖို့ ကျွန်ုပ်တို့ရဲ့ တောင်းဆိုမှုကို ထပ်လောင်းပြောကြားလိုပါတယ်” ဟု အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း X လူမှုကွန်ရက်တွင် “ဒီတွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်ထံ ပုံမှန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်ရရှိရေးအတွက် စတင်မှုတစ်ခုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများအားလုံးဆီ ပိုမိုဝင်ရောက်ကူညီခွင့်ရရှိရေးအတွက် လမ်းစတစ်ခုဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု ရေးသားထားကာ ဒေါ်အောင်ဆန်းစုကြည်အား “ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန်” တောင်းဆိုခဲ့သည်။

ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဌာနက အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အဆုံးသတ်နိုင်ရေးအတွက် မြန်မာစစ်တပ်အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

အာဆီယံဥက္ကဋ္ဌကလည်း အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေးမူအတိုင်း မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရာတွင် အာဆီယံအထူးသံတမန်၏ အခန်းကဏ္ဍကို ထပ်လောင်းအတည်ပြုခဲ့သည်။

အာဆီယံအထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ရရှိရန် မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။