ကွန်မြူနစ်ခေတ် သတင်းပေးသောင်းဂဏန်း၏ အမည်များကို ဟန်ဂေရီအစိုးရ ထုတ်ပြန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။
ဟန်ဂေရီနိုင်ငံတွင် ကွန်မြူနစ်တစ်ပါတီအုပ်ချုပ်ရေးခေတ်က ပြည်သူများကို စိစစ်ထောက်လှမ်းခဲ့သည့် လျှို့ဝှက်ရဲတပ်ဖွဲ့၏ သတင်းပေး သောင်းပေါင်းများစွာ၏ အချက်အလက်များကို အစိုးရက အများပြည်သူ ကြည့်ရှုနိုင်ရန် အွန်လိုင်းမှတစ်ဆင့် ပထမဆုံးအကြိမ် တရားဝင် ထုတ်ပြန်ပေးလိုက်သည်။
ပြီးခဲ့သည့် ဧပြီလတွင် တက်လာခဲ့သည့် ဝန်ကြီးချုပ် ပီတာ မဂ်ယာ (Péter Magyar) သည် ၎င်း၏ မဲဆွယ်ကတိအတိုင်း ကွန်မြူနစ်စနစ် ပျက်သုဉ်းခဲ့အပြီး ၃၆ နှစ်အကြာတွင် ယခုကဲ့သို့ ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။
ယခုထုတ်ပြန်မှုတွင် ၁၉၄၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်အတွင်း နိုင်ငံတော်လုံခြုံရေးအဖွဲ့အတွက် သတင်းပေးအဖြစ် ဆောင်ရွက်ခဲ့သူ ၆၀,၀၀၀ နီးပါး၏ အမည်၊ သတင်းပေးကုဒ်နံပါတ်၊ မွေးသက္ကရာဇ်နှင့် အခြား ကိုယ်ရေးအချက်အလက်များကို အွန်လိုင်းဒေတာဘေ့စ်မှတစ်ဆင့် တိုက်ရိုက် ရှာဖွေကြည့်ရှုနိုင်မည်ဖြစ်သည်။
ဟန်ဂေရီ ကွန်မြူနစ်ခေတ်အတွင်း စုစုပေါင်း သတင်းပေး ၁ သိန်း ၅ သောင်းကျော်အထိ ရှိခဲ့သည်ဟု ခန့်မှန်းရပြီး အများစုမှာ အလုပ်အကိုင်၊ ဆေးဝါးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စများဖြင့် ခြိမ်းခြောက် အကျပ်ကိုင်ခံရပြီးမှ သတင်းပေး ဆောင်ရွက်ခဲ့ကြရခြင်းဖြစ်သည်။
ထို့ကြောင့် ဝန်ကြီးချုပ် မဂ်ယာက အဆိုပါ အချက်အလက်များကို ကြည့်ရှုရာတွင် သေဆုံးသွားခဲ့သည့် မိသားစုဝင်များ၏ ခက်ခဲသော အမှန်တရားကို ရင်ဆိုင်ရချိန်၌ လူသားဆန်မှု၊ စာနာမှုတို့ဖြင့် တုံ့ပြန်ကြရန် တောင်းဆိုထားသည်။
သတင်းပေးများ၏ စုံစမ်းထောက်လှမ်းမှုနှင့် စည်းရုံးပုံ အသေးစိတ် အချက်အလက်များ ပါဝင်သည့် ဒုတိယအသုတ် ဖိုင်များကိုမူ လာမည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထပ်မံ ထုတ်ပြန်သွားမည် ဟု ဆိုသည်။