ငပြီကျွန်းကို နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ ငပြီကျွန်းတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား မည်သူမျှ ကျွန်းကို အပြည့်အဝ မထိန်းချုပ်နိုင်သေးကြောင်း ဒေသတွင်း စစ်ရေးသတင်း အရင်းအမြစ်များက ပြောသည်။
ငပြီကျွန်း၌ နိုဝင်ဘာလ ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကာ နှစ်ဘက် အကျအဆုံးများပြားလျက်ရှိပြီး၊ စစ်အုပ်စုတပ်သည် ကမ်းတက်စစ်ကြောင်း နှစ်ကြောင်းဖြင့် လေကြောင်းကိုပါ အသုံးပြု၍ တိုက်ခိုက်လျက် ရှိသည်။
အဆိုပါ ကမ်းတက်စစ်ကူ စစ်ကြောင်း ၂ ကြောင်းတွင် ခမရ – ၄၄ နှင့် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ရခိုင်ပြည် တစ်ဝန်း အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများမှ ဆုတ်ခွာအင်အားများ ပါဝင်နေပြီး ကျွန်းပေါ်တွင် လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ပြင်းထန်နေခြင်း ဖြစ်သည်။
ဒေသခံ စစ်ရေးသတင်း အရင်းအမြစ်က “ငပြီကျွန်းမှာက တိုက်ပွဲငြိမ်နေရာနေ စဖြစ်တာသုံးရက်ရှိပြီ။ အေအေ က အကျအဆုံးရှိသလို စစ်တပ်ကလည်း ကျတယ်။ အခုအထိ ဘယ်ဘက်က အင်အားသာနေတယ်လို့ မပြော နိုင်သလို ဘယ်ဘက်ကမှလည်း ကျွန်းကို မထိန်းချုပ်နိုင်သေးဘူး။ စစ်တပ်နေဗီတွေဟာ ရိက္ခာတွေ အင်အားတွေ နဲ့ ကျွန်းနားကို နေစဉ်ချင်းကပ်နေတယ်။ အေအေကလည်း ချောင်းလက်တက်တွေက အင်အားတွေ ဖြည့်တဲ့ အပြင် ကျွန်းပေါ်မှာ ငြိမ်ပြီးကင်းပုံးဝပ်နေတဲ့ တပ်စိပ်တွေက စစ်တပ်ကို တော်တော်အခက်တွေ့စေတယ်လို့ စစ်တွေ စစ်တပ်အသိုင်းအဝိုင်းက ပြောနေတာ ရှိနေတယ်” ဟု ပြောသည်။
စစ်အုပ်စုသည် ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့ကစတင်ကာ အဆိုပါ ငပြီကျွန်းကို အင်အား အလုံး အရင်းဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ကျွန်းပေါ်သို့ အင်အား ၂ ရာခန့် တက်ရောက်နိုင်ခဲ့သော်လည်း အကျအဆုံး များပြားသည့်အတွက် အင်အား ဆက်လက် ဖြည့်တင်းနေရသကဲ့သို့ အာရက္ခတပ်တော် (AA) ဘက်ကလည်း ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို ပေါက်တောမြို့သို့ ပို့ဆောင် ကုသလျက်ရှိသည်။
ငပြီကျွန်းရှိ စစ်အုပ်စုတပ်သည် အောက်တိုဘာလ နောက်ဆုံးအပတ်တွင် ကျွန်းပေါ်မှ ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို ပြန်လည် ဆွဲထုတ်သွားနိုင်ခဲ့ပြီး စစ်ကူများပါ ကမ်းတက်နိုင်ခဲ့ကာ ရေလမ်းကြောင်းမှတစ်ဆင့် အဆက်မပြတ် ထိုးစစ်ဆင်လျက် ရှိသည်။
စစ်တွေအစပ်ရှိ စစ်ရေးသတင်း အရင်းအမြစ်တစ်ဦးကလည်း ”ငပြီကျွန်းတိုက်ပွဲက စစ်တွေကို ရိုက်ခတ် ပါတယ်။ အခုစစ်တွေ မှာ ပေါ်တာဆွဲဖို့ရှာတာအပြင် ပြည်နယ်အရံက ရဲတွေကိုပါ ကျွန်းပေါ်တက်ခိုင်းထားတာ လို့ သိရတယ်။ ရခိုင်လူမျိုး စစ်သားရဲတွေ ငပြီကျွန်းမှာ အများကြီးကျတယ်။ စစ်တွေက နှစ်ဖက်ညှပ် တိုက်ခံ နေရတာလေ။ ရွှေမင်းဂံရေတပ်စခန်းနဲ့ အမှတ် (၃) ဗျူဟာ ရေတပ်ဌာနချုပ်တွေက ရိက္ခာတွေ အင်အားတွေ စစ်သင်္ဘောတွေ၊ စက်လှေတွေနဲ့ ငပြီကျွန်းဘက် အခုရက်ပိုင်းသွားနေတာ ကမ်းကပ်လို့ တချို့က ရသွားတယ်။ တချို့ကမရသေးဘူး” ဟု ရှင်းပြသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း စစ်အုပ်စုတပ်၏ ရေတပ်နေဗီ စစ်သင်္ဘော ၃ စီးကို အာရက္ခ တပ်တော် (AA) က တိုက်ခိုက်ခဲ့ရာ ၂ စီး ထိမှန်ပျက်စီးခဲ့သဖြင့် လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုများကို ပိုမို အားပြုလာနေဟု ဆိုကြသည်။
ကျွန်းပေါ်တွင် အာရက္ခတပ်တော်က စစ်အုပ်စု၏ ထိုးစစ်ကို တုံ့ပြန်တိုက်ခိုက်ခဲ့ရာ၌ တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီး ရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး စစ်အုပ်စုတပ်ကို ကျွန်းပေါ်ရှိ နေရာအချို့ တွင် ဆက်လက် ပိတ်ဆို့ထားသည်။
လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကုလားတန်မြစ် အနောက်ဘက်ရှိ ရဲရုပ်ပြင်၊ အောင်မြေကုန်းနှင့် ခမောင်းတောကျေးရွာများကို အာရက္ခတပ်တော်က ထိုးစစ်ဆင်ထားသလို၊ စစ်တွေမြို့အနီး ကျားမသောက်၊ ဂန့်ဂေါ်ကျွန်းနှင့် တောကန်ကျေးရွာများဘက် အထိပါ စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း ဆိုသည်။
(Photo: Credit to the original uploader / Video Screenshot)
#ငပြီကျွန်း