စစ်တွေအနီး ဗျူဟာမြောက် ငပြီကျွန်းကို ထိန်းချုပ်ရန် စစ်တပ်နှင့် AA တို့ အပြိုင်အဆိုင် ကြိုးပမ်းနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်။
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ် အကြားရှိ ဗျူဟာမြောက် ငပြီကျွန်းကို စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့အပြိုင်အဆိုင် ထိန်းချုပ်ရန် ကြိုးပမ်းနေကြသဖြင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
စစ်တွေ မြို့အနီး ကုလားတန် မြစ်ဝရှိ ငပြီကျွန်းသို့ စစ်အုပ်စု၏ ခမရ (၃၅၄) နှင့် အမှတ် (၃၇၃) အမြောက်တပ်ရင်း (အမတ-၃၇၃) တို့မှ အင်အား ၂၀၀ နီးပါးသည် စစ်ရေယာဉ်၊ ကမ်းထိုးရေယာဉ်နှင့် အမြန်ရေယာဉ် (Speedboat) များကို အသုံးပြု၍ ထိုးစစ်ဆင် တပ်စွဲထားသကဲ့သို့ AA ဘက်ကလည်း ပေါက်တောဘက်မှ အင်အားဖြည့်တင်းကာ ပြန်လည်ခုခံလျက်ရှိသည်။
စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက “ကုလားတန်မြစ်ဝမှာရှိတဲ့ ငပြီကျွန်း အနေအထားကတော့ AA က ပြန်ပြီး တိုက်စစ်ဆင်နေရတဲ့ အနေအထားပါ။ ခမရ ၃၅၄ နဲ့ အမတ ၃၇၃ က စစ်ကြောင်း အင်အား ၂၀၀ နီးပါးနဲ့ ငပြီကျွန်းမှာ တပ်စွဲပြီး တိုက်နေတာ။ အကျအဆုံးကတော့ နှစ်ဘက်လုံး ရှိတယ်။ လက်ရှိ အောက်တိုဘာ ၁၈၊ ၁၉ ရက်အထိ တိုက်ပွဲ ပြင်းထန်နေပါတယ်။ ပစ်ခတ်သံတွေလည်း ကြားနေရတယ်၊ စစ်သင်္ဘောတွေ ထိတယ်၊ AA ဘက်ကလည်း ကျတာရှိတယ်။ ကမ်းတက်တာ ၅ ကြိမ်ရှိတော့ ကျွန်းပေါ်မှာ စစ်တပ်အင်အား များတယ်” ဟု ပြောသည်။
စစ်တွေမြို့အခြေစိုက် ခမရ (၃၅၄) နှင့် အမတ (၃၇၃) တို့သည် ရခိုင်တစ်ပြင်လုံးရှိ AA ထိန်းချုပ်ရာ မြို့များမှ စွန့်ခွာလာသည့် စစ်အုပ်စုအင်အားများကို စုစည်းကာ ငပြီကျွန်းပေါ်သို့ ကမ်းတက်ခိုင်းနေခြင်း ဖြစ်သည်။
အောက်တိုဘာလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် စစ်အုပ်စုက ၅ ကြိမ်မြောက် ကမ်းတက်ခြင်း ပြုလုပ်ကာ ငပြီကျွန်းကို ထိန်းချုပ်ရန် ကြိုးပမ်းလာသဖြင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်း ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။
စစ်အုပ်စုသည် ဒီရေအတက်အကျပေါ် မူတည်၍ ကမ်းတက်ရသဖြင့် ရေကြောင်းကျွမ်းကျင်သည့် AA ၏ ခုခံမှုကြောင့် အကျအဆုံးအချို့ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် လေကြောင်း ပစ်ကူကို အပြင်းအထန် အသုံးပြု ၍ ကမ်းတက်လာခြင်း ဖြစ်သည်။
စစ်တွေမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “စစ်တွေ တပ်ရင်းတွေထဲမှာတော့ ငပြီကျွန်းနဲ့ ပတ်သက်ပြီး တချို့က သိမ်းထားပြီလို့ ပြောနေကြသလို အကျအဆုံး များတယ်လို့လည်း ပြောကြတယ်။ ဒါပေမဲ့ အခုနောက် ပိုင်း AA က ပြန်ထိုးစစ်လုပ်ရတယ် ကြားတယ်၊ စစ်သားမိသားစုတွေ မြို့ထဲမှာ ပြောနေတာကတော့ မြန်မြန် ရမှဖြစ်မယ်။ မဟုတ်ရင် အသေအပျောက် များမယ်ဆိုပြီး ပြောကြတာရှိတယ်။ စစ်သားတချို့ ပျောက်နေ တယ်၊ AA ဘက်ကို ပြောင်းသွားတယ်လို့လည်း သိရတယ်။ အခုက နှစ်ဘက်လုံးက ငပြီကျွန်းကိစ္စ တရားဝင် ထုတ်ပြောတာ မရှိပေမဲ့ တိုက်ပွဲကတော့ နေ့တိုင်း ရှိနေတယ်” ဟု ပြောသည်။
လက်ရှိ ကျွန်းပေါ်တိုက်ပွဲများတွင် AA က ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ သဖြင့် စစ်အုပ်စု တပ်စိတ် ၃ ခုခန့် ကျဆုံးခဲ့သကဲ့သို့ AA ဘက်မှလည်း တပ်မှူးအဆင့်အထိ သေဆုံးမှုများ ရှိနေ သည်။
စစ်အုပ်စုသည် အောက်တိုဘာလ ၇ ရက်နေ့ကတည်းက လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများ သုံး၍ ငပြီကျွန်းကို ကမ်းတက်စစ်ဆင်ရေး စတင်ခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ခန့်အကြာတွင် နောက်ဆုတ်သွားခဲ့ သော် လည်း ယခု အောက်တိုဘာလ တတိယပတ်အတွင်း အင်အားအများအပြားဖြင့် ထပ်မံကမ်းတက်လာသဖြင့် တိုက်ပွဲများ ပိုမို ပြင်းထန်လာခြင်း ဖြစ်သည်။
ဓါတ်ပုံ – မင်းပြားတွင် စစ်သင်္ဘော တိုက်ခိုက်သိမ်းပိုက်မှုနှင့်အတူ အောင်ပွဲခံနေသည့် AA တပ်ဖွဲ့ဝင်များ။ (၂၀၂၄၊ ဖေဖော်ဝါရီ ၁၃) ပုံဟောင်း / AA