ဂျပန်၌ ဒူဂျူအန် တိုင်ဖုန်းမုန်တိုင်းတိုက်ခိုက်၊ ၂ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနီး ပစိဖိတ်ကမ်းရိုးတန်းဒေသများသို့ အားကောင်းသော ဒူဂျူအန် (Dujuan) တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း ဒေသတွင်းသတင်းများ၌ ဖော်ပြထားသည်။
မုန်တိုင်းကြောင့် လူပေါင်း ၂ သန်းနီးပါးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် နှိုးဆော်ထားရပြီး၊ အိမ်ခြေ ၅ သောင်းကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။
တိုကျိုမြို့အနီးရှိ ဒေသအများအပြားတွင် ပြင်းထန်သော မိုးရွာသွန်းမှုများနှင့်အတူ ရေကြီးရေလျှံမှု၊ မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။
လမ်းပန်းဆက်သွယ်ရေးအနေဖြင့် တိုကျိုမြို့ ဟာနိဒါ (Haneda) လေဆိပ်တွင် ခရီးစဉ်ပေါင်း ၂၇၀ ကျော် ဖျက်သိမ်းခဲ့ရသလို၊ တိုကျိုနှင့် အိုဆာကာကို ဆက်သွယ်ထားသည့် ကျည်ဆန်ရထား ခရီးစဉ်အချို့ကိုလည်း ရပ်ဆိုင်းခဲ့ရသည်။
ဒါ့အပြင် ကမ္ဘာကျော် တိုကျိုဂိမ်းရှိုး (Tokyo Game Show) အပါအဝင် ဂီတပွဲတော်များနှင့် အားကစားပွဲအချို့ကိုလည်း ဖျက်သိမ်းခဲ့ရသည်။
လက်ရှိတွင် တိုင်ဖုန်းမုန်တိုင်းမှာ အရှေ့မြောက်ဘက် ပစိဖိတ်သမုဒ္ဒရာဘက်သို့ ဦးတည်ရွေ့လျားသွားပြီဖြစ်သော်လည်း မိုးဆက်လက်ရွာသွန်းနိုင်သေးသဖြင့် ဒေသခံများအား သတိပြုကြရန် ဂျပန်မိုးလေဝသဌာနက သတိပေးထားသည်။
ဂျပန်ဝန်ကြီးချုပ် စာနိုင်း တာကာအီချိ (Sanae Takaichi) က မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်ကြရန် ညွှန်ကြားထားသည်။