စစ်ကောင်စီကို အရေးယူကိုင်တွယ်မှု မရှိသောကြောင့် အာဆီယံကို စိတ်ပျက်ဟု NUG ပြော

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက်။

အာဆီယံအနေဖြင့် စစ်ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နေသည့် စစ်ကောင်စီကို ထိရောက်သည့် အရေးယူ ကိုင်တွယ်မှု မရှိသောကြောင့် စိတ်ပျက်ရသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ NUG က ပြောသည်။

စစ်ကောင်စီက ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေသော်လည်း အာဆီယံက တိုက် ရိုက် ထုတ်ဖော်ရှုတ်ချခြင်းနှင့် ထိရောက်သည့် အရေးယူကိုင်တွယ်မှု မရှိဘူးဟု ဇူလိုင်လ ၁၆ ရက်နေ့က ထုတ် ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဇူလိုင် လဆန်းပိုင်းက ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲ အပြီး ပူးတွဲကြေညာ ချက် သဘောထား ထုတ်ပြန်ချိန်၌ NUG က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဇူလိုင်လ ၉ ရက်နေ့ မလေးရှားနိုင်ငံ၊ ကွာလမ်ပူမြို့တွင် ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြုလုပ်အပြီး ထုတ်ပြန်သည့် ကြေညာချက်၌ မြန်မာနိုင်ငံအတွင်း ပဋိပက္ခများပိုမြင့်တက်လာမှုနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဆိုးရွားလာမှုအား စိုးရိမ်ပူပန်ကြောင်း၊ စစ်တပ်၏ အကြမ်းဖက် တိုက် ခိုက်မှုများအပေါ် ရှုတ်ချပြီး ချက်ချင်းရပ်တန့်ရန် တိုက်တွန်းထားသော်လည်း အရေးယူ ကိုင်တွယ်မှု မရှိသည် ကိုတွေ့ရကြောင်း NUG က ဆိုသည်။

အာဆီယံ အစည်းအဝေး၏ ပူးတွဲကြေညာချက်၌ စစ်ကောင်စီအပေါ် တိုက်ရိုက်ဖော်ထုတ် ရှုတ်ချပြီး ထိရောက် သည့် အရေးယူကိုင်တွယ်မှု မရှိဘူးဟု NUG က ပြောသည်။

ထိုသို့ ထိရောက်သည့် အရေးယူကိုင်တွယ်မှု မရှိခြင်းသည် အာဆီယံအနေဖြင့် စစ်ကောင်စီကို သွယ်ဝိုက် အကာ အကွယ် ပေးနေသည့် သဘောမျိုး သက်ရောက်နိုင်သည်ဟုလည်း NUG ထောက်ပြထားသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲလုပ်ရန် ပြင်ဆင်နေခြင်းမှာ အာဆီယံ ဘုံသဘောတူညီချက်ပါ အကြမ်းဖက်မှု များ အဆုံးသတ် ရေးဟူသော အချက်ကို ဆန့်ကျင်နေသည်မှာ ထင်ရှားသည်ဟုလည်း NUG က ဆိုသည်။

အာဆီယံအနေဖြင့် စစ်ကောင်စီက လုပ်မည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစ်စုံ တစ်ရာ မပါရှိသည့်အတွက်လည်း အကြမ်းဖက်စစ်အုပ်စုအား သွယ်ဝိုက်၍ အကာအကွယ်ပေးနေသည့် သဘော မျိုး သက်ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆိုသည်။

အာဆီယံအနေဖြင့် မြန်မာ့နိုင်ငံ၏ ပဋိပက္ခကို ဖြေရှင်းရာ၌ လက်တွေ့ကျသည့် ဆောင်ရွက်မှုများနှင့် လိုအပ်သည့် မဟာဗျူဟာများကို ချမှတ်ဆောင်ရွက်ဖို့ NUG က တိုက်တွန်းထားသည်။

ဓါတ်ပုံ – Ministry of Foreign Affairs, Kingdom of Thailand