နောင်ချိုတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည် ဖြစ်၍ စစ်ရေးသတိရှိကြရန် TNLA သတိပေး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။

စစ်ကောင်စီတပ်က ထိန်းချုပ်လိုက်သည့် ရှမ်းမြောက်ဒေသ၊ နောင်ချိုမြို့တွင်း တိုက်ပွဲများ ဆက်လက် ပြင်းထန် အုံးမည်ဖြစ်၍ ပြည်သူများ စစ်ရေးသတိရှိကြရန် တအာင်းတပ် TNLA အသိပေး ထုတ်ပြန်သည်။

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာ ဖြစ်၍ တိုက်ပွဲများကြား မိဘပြည်သူလူထု ကြားညှပ် ခြင်းမျိုး၊ ပိတ်မိခြင်းမျိုးတို့ ဖြစ်စေရန် လုံခြုံရေးသတိထားပြီး နေထိုင်သွားလာကြဖို့နှင့် လေကြောင်း အန္တရာယ် ကာကွယ်ရေး လမ်းညွှန်ချက်များ လိုက်နာကြဖို့ လိုအပ်သည်ဟု TNLA က အသိပေးဖော်ပြလိုက်သည်။

အဆိုပါ အသိပေး ထုတ်ပြန်ချက်ကို တအာင်းတပ်မတော် TNLA က ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက် ခြင်း ဖြစ်သည်။

မြေပြင်က အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ဇူလိုင်လ ၁၂ ရက်နေ့ည၊ ၁၃ ရက်နေ့လောက်စပြီး မြို့ထဲကို စစ်တပ်က ဝင်လာပြီပေါ့နော်ဟု ပြောသည်။

စစ်ကောင်စီတပ်က နောင်ချိုမြို့အတွင်းကို ဇူလိုင် ၁၃ ရက်နေ့က စတင်၍ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ အချို့က ပြောသည်။

နောင်ချိုမြို့ အနီးကပ် ရောက်လာနေသော်လည်း စိုးရိမ်မှု မရှိကြရန် တအာင်းတပ် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ပြောဆိုထားသည်။

ဇူလိုင်လ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် လွေးယေဦးက ဒီလိုမျိုး နောင်ချို ကို လက်လွှတ်ပေးရတာမျိုး၊ ဆုံးဖြတ်ချက်ချထားတာမျိုးတွေလည်း မရှိသေးဘူး ပေါ့နော်။ ကျမတို့က လက်ရှိ ကတော့ အကောင်းဆုံးနဲ့ ကျမတို့ ရှိတဲ့ ဒီခုခံကာကွယ်မှုကိုလည်း ကျမတို့ ပြင်ဆင်ထားပါတယ် ဟု ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့တွင် နောင်ချိုမြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာရုံးများနှင့် နေရာအများအပြားကို စစ်ကောင်စီက ထိန်းချုပ်နိုင်ခဲ့သည်။

နောင်ချိုမြို့ကို ပြန်ရရေး ၁ နှစ်နီးပါး တိုက်ခိုက်ခဲ့ရသည်ဟုလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ဦးဆောင် ကွပ်ကဲပြီး စစ်ကူစစ်ကြောင်းများအပြင် လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ ကွန်မန်ဒိုအဖွဲ့၊ မြေပြင်အဖွဲ့များနှင့် တိုက်ယူခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter-Terrorism Operation) ဖော်ဆောင်ပြီး ၁၁ လကြာ တိုက်ယူခဲ့ရခြင်း ဖြစ်သည်ဟု စစ်ကောင်စီက ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။