မိုးဗြဲ-လွိုင်ကော်လမ်း လုံခြုံမှု မရှိသေးဟု တော်လှန်ရေး တပ်ဖွဲ့များက ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။ 

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်ကို ဆက်သွယ်ထားသည့် ပင်လောင်း – မိုးဗြဲ – ဖယ်ခုံ – လွိုင်ကော် လမ်း မကြီးအား အသုံးပြုရန်အတွက် ရာနှုန်းပြည့် လုံခြုံမှု မရှိသေးဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြော သည်။

အဆိုပါ လမ်းမကြီးအား စစ်ကောင်စီတပ်က အသုံးပြုနိုင်ပြီဟု ဇူလိုင်လ ၁၁ ရက်နေ့၌ ကြေညာထားသော်လည်း လမ်းမကြီးတစ်ဝိုက်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲဟု ဆိုသည်။

မိုးဗြဲမြို့အနီး၌ စစ်ရေးလှုပ်ရှားနေသည့် မြေပြင်တပ်ဖွဲ့ဝင် တစ်ဦးက သူတို့ဖက်ကတော့ ကြေညာထားပေမယ့် တိုက်ပွဲ ဖြစ်နေတုန်းပဲ။ ဝါရီကောခူလည်း ကျနော်တို့ ပေးလိုက်ရပြီ။ သူတို့ စစ်ကြောင်းက လွိုင်ကော်နား ရောက်တော့မယ်။ သွားလာနေကြတာတွေက သူတို့ ထောက်ခံတဲ့ အုပ်စုလောက်ပါပဲ။ ကျနော်တို့ကတော့ တား တာပေါ့နော်။ မဖြစ်မနေ လမ်းပွင့်လို့ သွားမယ်ဆိုလည်း သတိတော့ထားကြပေါ့နော် ဟု ပြောသည်။

စစ်ကောင်စီတပ်က ဝါရီကောခူ၊ ဆောင်ကန်း၊ ထီရိ၊ ကုန်းသာ၊ ကယန်းသာယာ၊ ကယန်းကြခူ၊ မြေနီကုန်း စသည့် ကျေးရွာများအား ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး လက်ရှိတွင် လွိုင်ကော်မြို့အထိ နယ်မြေရှင်းလင်းရေး လုပ်ဆောင် နေသည်ဟု ဆိုသည်။

လတ်တလော ခရီးသည်ကားများ ပြေးဆွဲခြင်း မရှိသေးသော်လည်း ကုန်ကားအချို့မှာ လွိုင်ကော်မြို့သို့ စတင် ဝင်ရောက်နေဟု ဆိုသည်။

ထို့အပြင် ယာဉ်မောင်းအချို့အား စစ်ကောင်စီက ဖိအားပေး သွားလာခိုင်းနေသည်ဟုလည်း မြေပြင် သတင်း အရင်းအမြစ်များက ဆိုသည်။

မိုးဗြဲမြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြည်ထောင်စု လမ်းမကြီး ပွင့်သွားရင် နည်းနည်းတော့ အသက် ရှူချောင် မလားပေါ့နော်။ ကုန်ဈေးနှုန်းလည်း တအားတက်တယ်လေ။ လမ်းပွင့်ပြီး တော်လှန်ရေး အောင်တာ မျိုး ဆိုရင် တော့ ပိုကောင်းတာပေါ့။ ကျမတို့လည်း နည်းနည်း အခြေနေငြိမ်မှပဲ သွားမယ်လို့ စိတ်ကူးထားတာ ပေါ့နော်ဟု ပြောသည်။

မိုးဗြဲ – လွိုင်ကော် လမ်းမကြီးအား စစ်ကောင်စီ ရရှိပါက ပိတ်ဆို့ခံထားရသည့် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ စသည့် မြို့နယ်များမှ စစ်ကောင်စီ တပ်ရင်းများ အတွက် ရိက္ခာပို့ လမ်းကြောင်း ပွင့်လာနိုင်ပြီး ရွေးကောက်ပွဲ အမြန်ဆုံး ဖော်ဆောင်လာသည်ဟု မြေပြင်တပ်ဖွဲ့ဝင်များက သုံးသပ်နေကြသည်။

မိုးဗြဲမြို့အား စစ်ကောင်စီထံသို့ လက်လွှတ်လိုက်ရသော်လည်း တဖက်တွင် ဖားဆောင်းမြို့အား ခြေလျင်တပ်ရင်း (ခမရ – ၁၃၅) အား တော်လှန်ရေး အင်အားစုများက အပြင်းအထန် ထိုးစစ်ဆင်နေပြီး မြို့ရရှိရန်အတွက် နီးစပ် လာပြီဟု ဆိုသည်။