ပစ္စည်းယူ လူသတ်သူ အား ကရင်နီ ရဲတပ်ဖွဲ့ ဖမ်းဆီး အမှုဖွင့် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။ 

အမျိုးသမီးတစ်ဦးအား ဓါးနှင့် ထိုးသတ်ပြီး လက်ကိုင်ဖုန်း လုယူခဲ့သူ တစ်ဦးကို ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP)က ဖမ်းဆီးကာ အမှုဖွင့် စစ်ဆေးနေပြီဟု တာဝန်ရှိသူများက ပြောသည်။

ကျူးလွန်သူမှာ အသက် ၂၅ နှစ်ဝန်းကျင် အရွယ်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေး ရွာတွင် နေထိုင်သူ ဖြစ်သည်ဟု ဆိုသည်။

KSP ဒုရဲချုပ် ကိုဘိုဘိုက အခု လူသတ်မှုနဲ့ပက်သက်ပြီး ကရင်နီပြည်ရဲ အမှတ် (၁) ရဲစခန်း (ပ) ၁/၂၀၂၆ ရာဇ သတ်ကြီး ဥပဒေပုဒ်မ – ၃၀၂ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်ဗျ။ ဘာကြောင့်သတ်တယ် ဆိုတာက တော့ စုံစမ်းနေဆဲပါဗျ။ ခုမှ မေးမြန်းစစ်ဆေးနေတုန်းပါဗျဟု ပြောသည်။

KSP အနေဖြင့် လူသတ်မှု ဖြစ်ပွားပြီးနောက် နယ်မြေခံ တပ်ရင်းများသို့ သတင်းပို့ထားသည်ဖြစ်ရာ ၎င်းအား ဒီးမော့ဆိုမြို့နယ်၊ ပဆေးလာကျေးရွာ၌ ဇန်နဝါရီလ ၁၄ ရက်နေ့ညတွင် လက်ရဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

၎င်းမှာ လူသတ်မှုကျူးလွန်ပြီးနောက် လုယက်ခဲ့သည့်ဖုန်းအား ဒီးမော့ဆိုမြို့နယ်၊ ပဆေးလာကျေးရွာ၌ လာရောက် ရောင်းချခဲ့ခြင်း ဖြစ်သည်။

KSP အနေဖြင့် မိမိတို့ ထိန်းချုပ်နယ်မြေများတွင် ယခု ကျူးလွန်သည့် အမှုသာမက ပြီးခဲ့သည့်နှစ်အတွင်း လူသတ်မှု အားလုံးကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည် ဖြစ်ရာ ပြည်သူများ အနေဖြင့် စိုးရိမ်ထိတ်လန့်စရာ မလိုဘူး ဟု ဒုရဲချုပ် ကိုဘိုဘိုက ဆက်ပြောသည်။

ဒီလူသတ်မှု ဆိုရင်ပေါ့နော်၊ ၂၀၂၅ ခုနှစ် တစ်နှစ်မှာဆိုရင် ကျနော်တို့ ကရင်နီပြည် ရဲဌာန ရဲစခန်းအမှတ် ၁ ကနေ အမှတ် ၁၇ ထိ ရဲစခန်းတွေကနေ အမှုဖွင့် အရေးယူတဲ့ ဒီလူသတ်မှု အားလုံးပေါင်း ၇ မှု ရှိပါတယ်ပေါ့ နော်။ အဲဒီ ၇ မှုစလုံးကို ကျနော်တို့ လူသတ်တရားခံကို ဖမ်းဆီးအရေးယူ ထောင်ချနိုင်ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ နွားကျောင်းရန် ထွက်လာသည့် အသက် ၄၅ နှစ်အရွယ် ဒေါ်ပိုင်ဆိုသူမှာ ရွာနှင့် တစ်မိုင်ခန့်ဝေးသည့် လမ်းခုလတ်နေရာတွင် ဓါးဖြင့် ထိုးသတ်ခံလိုက်ရခြင်း ဖြစ်သည်။

ဒေါ်ပိုင်အား ဝမ်းဗိုက်နှင့် လည်ပင်းနေရာတို့တွင် ဓါးဖြင့် ထိုးသတ်၍ ဖုန်းလုယက် ထွက်ပြေး ခဲ့သူအား KSP နယ်မြေခံတပ်ရင်းများ၏ အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် လက်ရဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်ခံ KSP အနေဖြင့် လူသတ်မှု၊ ခိုးမှု၊ လုယက် မှုများအား ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသော်လည်း လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေ သည့် မူးယစ်ဆေးဝါးနှင့် KTV ကိစ္စများကိူမူ အရေးယူနိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်ဟု စစ်ဘေးရှောင်များ အကြားတွင် ဝေဖန်ပြောဆိုနေကြသည်။