EU နှင့် တောင်အမေရိကနိုင်ငံများ လွတ်လပ်သော ကုန်သွယ်မှု ဇုန် တည်ထောင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။
ဥရောပသမဂ္ဂ (EU) နှင့် (အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာဂွေး၊ ဥရုဂွေး)တို့ ပါဝင်သော တောင်အမေရိက ကုန်သွယ်ရေးအဖွဲ့ Mercosur (မာရ်ကိုဆူးရ်) တို့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်သည် လူဦးရေ သန်း (၇၀၀) ကျော်ရှိသော ဈေးကွက်ကို ချိတ်ဆက်ပေးမည်ဖြစ်ပြီး ကမ္ဘာ့ GDP ၏ လေးပုံတစ်ပုံခန့်ကို ကိုယ်စားပြုမည်ဖြစ်သည်။
ယင်းသဘောတူညီချက်အရ ကုန်သွယ်မှုကဏ္ဍ (၉၀) ရာခိုင်နှုန်းကျော်အတွက် သွင်းကုန်ခွန်များကို ပယ်ဖျက်သွားမည်ဖြစ်သည်။
အဆိုပါခြေလှမ်းသည် အမေရိကန်၏ အကာအကွယ်ပေးရေးဝါဒကို တုံ့ပြန်လိုက်ခြင်းဖြစ်သလို၊ တောင်အမေရိကဒေသတွင် တရုတ်နိုင်ငံ၏ စီးပွားရေးသြဇာ ကြီးထွားလာမှုကို ထိန်းညှိရန်လည်း ရည်ရွယ်သည်။
သို့ရာတွင် လွတ်လပ်သော ကုန်သွယ်မှုဇုန် တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဥရောပရှိ လယ်သမားများက ၎င်းတို့၏ စိုက်ပျိုးရေးဈေးကွက်ကို ထိခိုက်နိုင်သဖြင့် ကန့်ကွက်မှုများ ရှိနေသည်။
အဆိုပါ သဘောတူညီချက်သည် ဥရောပလွှတ်တော်၏ အတည်ပြုချက်ရရှိပြီးနောက် အသက်ဝင်လာမည် ဖြစ်သည်။