ယူကရိန်းထောက်ပံ့မှုများ EU စတင်ချိန်တွင် ရုရှားက အင်အား ၁၀၀,၀၀၀ ဖြင့် ထိုးစစ်ပြင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်။

ဥရောပသမဂ္ဂ (EU) က ယူကရိန်းနိုင်ငံအတွက် ယူရို ၃ ဒသမ ၂ ဘီလီယံ ပံ့ပိုးပေးမည့် မဟာဗျူဟာမြောက် နားလည်မှုစာချွန်လွှာ (MoU) ကို ယနေ့ ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။

တချိန်တည်းမှာပင် ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းမြောက်ပိုင်းမှတစ်ဆင့် စစ်ရှိန်မြှင့်တင်ရန် စစ်ရေးဗျူဟာ (၅) ခုကို ရေးဆွဲနေပြီး စစ်သည်အင်အား ၁ သိန်းခန့် ထပ်မံစုဆောင်းရန် ပြင်ဆင်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သတိပေးပြောကြားလိုက်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

ဥရောပကော်မရှင်သည် ယူကရိန်းနိုင်ငံသို့ မက်ခရိုဘဏ္ဍာရေး အကူအညီပေးရေး အစီအစဉ်အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယခုအစီအစဉ်သည် ယူကရိန်းလွှတ်တော်က အတည်ပြုပြီးပါက လာမည့် ဇွန်လလယ်တွင် အဆိုပါ ရန်ပုံငွေများကို စတင်လွှဲပြောင်းပေးနိုင်တော့မည်ဖြစ်သည်။

ယခုပံ့ပိုးမှုသည် ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ်အတွင်း ရုရှား၏ ကျူးကျော်မှုကို ခုခံတွန်းလှန်နေရသည့် ကီးဗ်အစိုးရအား ထောက်ပံ့ပေးရန် EU က ချမှတ်ထားသည့် စုစုပေါင်း ယူရို ၉၀ ဘီလီယံတန်ဖိုးရှိ ပိုမိုကြီးမားသော ဘဏ္ဍာရေးအကူအညီပေးရေး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

ဥရောပစီးပွားရေးဆိုင်ရာ ကော်မရှင်နာ ဗာဒစ် ဒွန်ဘရော့စကီးစ် (Valdis Dombrovskis) က “အခု ချေးငွေနဲ့ ပတ်သက်ပြီး နားလည်မှုစာချွန်လွှာကို ဒီမနက်မှာ ကျွန်တော် လက်မှတ်ရေးထိုးခဲ့ပြီးပါပြီ။ ယူကရိန်းလွှတ်တော်က အတည်ပြုပြီးတာနဲ့ ရန်ပုံငွေတွေကို စတင်ထုတ်ပေးသွားမှာပါ” ဟု ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့သည်။

၎င်း၏ ပြောကြားချက်အရ စုစုပေါင်း ယူရို ၉၀ ဘီလီယံအနက် ၄၅ ဘီလီယံကို ယခုနှစ်အတွင်း ထုတ်ပေးမည်ဖြစ်ပြီး ကျန် ၄၅ ဘီလီယံကို ၂၀၂၇ ခုနှစ်တွင် ထုတ်ပေးရန် စီစဉ်ထားသည်။

ယခုနှစ်အတွင်း ရရှိမည့် ရန်ပုံငွေများထဲမှ ယူရို ၂၈ ဒသမ ၃ ဘီလီယံကို စစ်ရေးအသုံးစရိတ်အတွက် သီးသန့်လျာထားပြီး ကျန်ငွေများကို အထွေထွေဘတ်ဂျက်နှင့် နိုင်ငံပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။

အဆိုပါ ဘဏ္ဍာရေးအကူအညီသည် ယူကရိန်းနိုင်ငံ၏ ပြည်တွင်းအခွန်ဘဏ္ဍာ တိုးမြှင့်ရေးနှင့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးတို့အပေါ် မူတည်၍ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အစီအစဉ်များနှင့် ပူးတွဲချိတ်ဆက် ဆောင်ရွက်နေခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ရုရှား၏ စစ်ရေးခြိမ်းခြောက်မှုများမှာ ပိုမိုပြင်းထန်လာနေသည်။

ယူကရိန်းသမ္မတ ဇလန်းစကီးက ၎င်း၏ တရားဝင် တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ပြောကြားရာတွင် ရုရှားနိုင်ငံသည် ချာနီဟစ်ဗ်-ကီးဗ် (Chernihiv-Kyiv) မြောက်ပိုင်းစစ်မျက်နှာဘက်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ယူကရိန်းစစ်ထောက်လှမ်းရေး အချက်အလက်များအရ သိရသည်ဟု ဆိုသည်။

ယူကရိန်းဘက်ကလည်း ရုရှားရဲ့ ထိုးစစ်ကို တုံ့ပြန်ရန် ပြင်ဆင်ထားသည်ဟု ယူကရိန်း သမ္မတက ပြောသည်။

ထို့ပြင် ရုရှားက စစ်သည်အင်အား ၁ သိန်းကျော်ကို ထပ်မံစုဆောင်းရန် ကြိုးပမ်းနေသော်လည်း လက်ရှိတွင် ရုရှား၌ အဆိုပါပမာဏကို လျှို့ဝှက်စစ်သားစုဆောင်းနိုင်စွမ်း (Covert Mobilization) မရှိသေးကြောင်း ယူကရိန်းဘက်က သုံးသပ်ထားသည်။

ယခု ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် ယူကရိန်းအနေဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းရှိ စစ်ရေးပစ်မှတ်များကို ဝေးလံကွာဝေးသော နေရာများမှ ပစ်ခတ်တိုက်ခိုက်နိုင်သည့် ဒရုန်းထိုးစစ်များကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဇလန်းစကီးက ဖြည့်စွက်ပြောကြားခဲ့သည်။

စစ်ရေးတင်းမာမှုများ မြင့်တက်နေစဉ်အတွင်း ရုရှား၏ အနီးကပ်မဟာမိတ်ဖြစ်သော ဘီလာရုစ်နိုင်ငံသည်လည်း မေလ ၁၈ ရက်နေ့မှစတင်ကာ ရုရှားနှင့်ပူးပေါင်း၍ နျူကလီးယားလက်နက်များ အသုံးပြုပုံဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများကို စတင်ပြုလုပ်နေသည်။

ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနကမူ အဆိုပါ လေ့ကျင့်မှုသည် ပုံမှန်ပူးပေါင်းဆောင်ရွက်မှု သာဖြစ်ပြီး တတိယနိုင်ငံများကို ခြိမ်းခြောက်ခြင်းမရှိဟု ဆိုသော်လည်း၊ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားခြင်းမရှိသည့် ဘီလာရုစ်နိုင်ငံက ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုအပေါ် နိုင်ငံတကာက စိုးရိမ်လျက်ရှိသည်။

သမ္မတ ဇလန်းစကီးကမူ ရုရှားသည် ဘီလာရုစ်နိုင်ငံကို ယူကရိန်းစစ်ပွဲအတွင်းသို့သာမက နောင်တွင် နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ရေးပဋိပက္ခများထဲအထိပါ ပိုမိုနက်ရှိုင်းစွာ ဆွဲသွင်းရန် ကြိုးပမ်းနေကြောင်း သက်သေအထောက်အထားများ ရှိသည်ဟု မေလ ၁၅ ရက်နေ့က သတိပေးခဲ့သည်။

ဘီလာရုစ်ခေါင်းဆောင် အလက်ဇန္ဒား လူကာရှန်ကိုကလည်း ၎င်းတို့အနေဖြင့် စစ်ပွဲကို ရှောင်လွှဲလိုသော်လည်း လက်ရှိတွင် “စစ်ပွဲအတွက် ပြင်ဆင်နေခြင်း” ဖြစ်ကြောင်းနှင့် ကြည်းတပ်စစ်ဆင်ရေးများအတွက် စစ်တပ်အင်အားကို စတင်စုဆောင်းနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

တစ်ချိန်တည်းမှာပင် ဘော်လ်တစ်နိုင်ငံများဖြစ်ကြသည့် အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံတို့၏ ဝေဟင်ပိုင်နက်ကို အသုံးပြု၍ ယူကရိန်းက ဒရုန်းစစ်ဆင်ရေးများ လုပ်ဆောင်နေသည်ဟူသော မော်စကို၏ စွပ်စွဲချက်များကို EU ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာ ကာလက်စ် (Kaja Kallas) က ပြင်းပြင်းထန်ထန် ပယ်ချလိုက်ပြီး “လုံးဝ အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်” ဟု တုံ့ပြန်ခဲ့သည်။

ရုရှား၏ ယခုကဲ့သို့ ခြိမ်းခြောက်မှုများသည် ၎င်းတို့၏ အားနည်းချက်ကို ပြသနေခြင်းသာဖြစ်ပြီး ယူကရိန်း၏ မဟာမိတ်များကို ခြိမ်းခြောက်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဥရောပနိုင်ငံများအနေဖြင့် ကီးဗ်အစိုးရအား စစ်ရေးအကူအညီများ ပိုမိုတိုးမြှင့်ပေးအပ်ခြင်းဖြင့် တုံ့ပြန်ကြရန် EU နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ကာဂျာ ကာလက်စ် က တိုက်တွန်းခဲ့သည်။