ယူကရိန်းက ရုရှား ကုန်လှောင်ရုံတစ်ခုကို ထပ်မံတိုက်၊ ရုရှားက စစ်သည် ၃၀၀,၀၀၀ ပို့ရန် ပြင်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်။
ရုရှားနှင့် ယူကရိန်း စစ်ပွဲအတွင်း စီးပွားရေးဆိုင်ရာ အဆောက်အအုံများကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမို ပြင်းထန်လာနေပြီး ရုရှားဘက်က စစ်သည်အင်အား အမြောက်အမြား ထပ်မံ စုဆောင်းလာနိုင်သည်ဟု ယူကရိန်း သမ္မတက ပြောကြားခဲ့သည်။
ယူကရိန်းဘက်က ရုရှားနိုင်ငံအတွင်းရှိ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဒရုန်းများဖြင့် တိုက်ခိုက်မှု တိုးမြှင့်လာရာ ဩဂုတ်လ ၂၃ ရက်က ရုရှားရှိ အိုဇွန် (Ozon) ကုန်လှောင်ရုံတစ်ခု ဒရုန်းအပျက်အစီးများ ထိမှန်ခဲ့သဖြင့် ဝန်ထမ်း ၃၀၀ ကျော်အား ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကာ လုပ်ငန်းစဉ်များ ရပ်ဆိုင်းခဲ့ရသည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်း၏ စီးပွားရေး ပစ်မှတ်များကို တိုက်ခိုက်မှုသည် ဆိုးရွားမှုများကိုပြန့်နှံ့စေသည့် ‘ပန်ဒိုရာသေတ္တာ’ ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပြီး ရုရှားဘက်ကလည်း ယူကရိန်း၏ အထိခိုက်မခံနိုင်ဆုံး စီးပွားရေး ကဏ္ဍများကို ပြန်လည် တုံ့ပြန်တိုက်ခိုက်သွားမည်ဟု သတိပေးခဲ့သည်။
တစ်ဖက်တွင်လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးက ရုရှားသည် အရှေ့ပိုင်း ဒိုးနက်စခ် (Donetsk) ဒေသကို အပြီးသတ် သိမ်းပိုက်ရေးအတွက် လာမည့် လများအတွင်း စစ်သည်အင်အား ၃ သိန်းထက်မနည်း ထပ်မံစုဆောင်းလာနိုင်ကြောင်း သတိပေးထားသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် ရုရှား၏ ပဲ့ထိန်းဒုံးကျည်များကို ကာကွယ်ရန် အမေရိကန်ထံမှ ရရှိသည့် Patriot လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် ထောက်ပံ့မှု လျော့ကျလာသည်ကို ထောက်ပြခဲ့ပြီး မဟာမိတ်များထံမှ လေကြောင်းကာကွယ်ရေး အကူအညီများ ပိုမိုရရှိရေး ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်နေကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
Photo:Reuters and Dmitri Lovetsky / picture alliance