ယူကရိန်းက စစ်ပွဲ အသာစီး ပြန်ရလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်။ 

ရုရှား၏ ကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်ရေးအသာစီးရမှုမှာ ယူကရိန်းဘက်သို့ စတင်ယိမ်းယိုင်လာနေပြီဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။ 

ယူကရိန်း၏ ဒရုန်းစစ်ဆင်ရေးများ၊ တန်ပြန်တိုက်စစ်များနှင့် ရုရှားနိုင်ငံအတွင်းပိုင်းအထိ ထိုးနှက်တိုက်ခိုက်နိုင်မှုများကြောင့် ရုရှားတပ်ဖွဲ့များမှာ မြေပြင်တွင် အထိနာနေပြီး ထောက်ပံ့ပို့ဆောင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးပိုင်းတွင် အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။

ဗြိတိန်အခြေစိုက် The Economist မဂ္ဂဇင်း၏ ဖော်ပြချက်အရ ရုရှားတပ်ဖွဲ့များသည် စစ်မျက်နှာအနှံ့တွင် ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသလို ပြီးခဲ့သည့် မေလ ၉ ရက်က မော်စကိုမြို့၌ ကျင်းပသည့် စစ်အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် စစ်လက်နက်အင်အား အနည်းငယ်သာ ပြသနိုင်ခြင်းမှာ ရုရှား၏ စစ်ရေးစွမ်းဆောင်ရည် ကျဆင်းလာမှုကို ပြသနေခြင်းဖြစ်သည်။ 

မြေပြင်တိုက်ပွဲများတွင်လည်း ရုရှား၏ နွေဦးတိုက်စစ်မှာ ထင်သလောက် ခရီးမပေါက်ဘဲ ပြီးခဲ့သည့် ဧပြီလအတွင်း၌ပင် ရုရှားတပ်ဖွဲ့များသည် ၎င်းတို့သိမ်းပိုက်ထားသည့် နယ်မြေ စတုရန်းကီလိုမီတာ ၁၁၀ ကျော်ကို ပြန်လည်လက်လွှတ်ခဲ့ရကြောင်း သိရသည်။

ရုရှားသည် တစ်လလျှင် ပျမ်းမျှစစ်သည်အင်အား ၃၅,၀၀၀ ခန့် ဆုံးရှုံးနေပြီး ကျူးကျော်စစ်စတင်ကတည်းက စုစုပေါင်း သေဆုံးနှင့် ဒဏ်ရာရသူအရေအတွက်မှာ ၁ ဒသမ ၄ သန်းအထိ ရှိလာပြီဟု ယူကရိန်းဘက်က ခန့်မှန်းထားသည်။ 

အထူးသဖြင့် AI နည်းပညာသုံး FPV ဒရုန်းများကြောင့် ရုရှားစစ်သည်များမှာ ရှေ့တန်းတွင် အစုလိုက်အပြုံလိုက် သေဆုံးနေရခြင်းဖြစ်သည်။ 

ထို့ပြင် ယူကရိန်း၏ အဝေးပစ်ဒရုန်းများမှာ ရုရှားနိုင်ငံအတွင်းပိုင်း ကီလိုမီတာ ၂,၀၀၀ အထိ ထိုးဖောက်တိုက်ခိုက်နိုင်လာသဖြင့် ရုရှားလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ စစ်ပွဲ၏ ခြိမ်းခြောက်မှုကို ခံစားနေရသည်။ 

စွမ်းအင်ကဏ္ဍတွင်လည်း ရုရှားရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှုကြောင့် ယခုနှစ်အတွင်း ရေနံဝင်ငွေ ဒေါ်လာ ၇ ဘီလီယံခန့် ဆုံးရှုံးခဲ့ရကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောကြားထားသည်။