ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာအား နှုတ်ထွက်ရန် ဖိအားပေး 

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်။ 

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) အား ရာထူးမှ နှုတ်ထွက်မည့် အချိန်ဇယား တိကျစွာ ထုတ်ပြန်ရန် ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ် (Shabana Mahmood) အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးအချို့က တောင်းဆိုလိုက်ခြင်းကြောင့် ဗြိတိန်အစိုးရအဖွဲ့ အထက်ပိုင်းတွင် သဘောထားကွဲလွဲမှုများ လူသိရှင်ကြား ပေါ်ပေါက်လာသည်။

ပြည်ထဲရေးဝန်ကြီး မာမွတ်သည် အစိုးရအဖွဲ့အတွင်း လူနည်းစုဘက်မှ ရပ်တည်နေခြင်းဖြစ်သော်လည်း အစိုးရအဖွဲ့၏ အောက်ခြေအဆင့်ဖြစ်သည့် ဝန်ကြီးအဖွဲ့လက်ထောက် ၆ ဦးမှာ ဝန်ကြီးချုပ်အား ရာထူးမှနှုတ်ထွက်ရန် သို့မဟုတ် ဝန်ကြီးချုပ်သစ်ခန့်အပ်ရေး အချိန်ဇယား ထုတ်ပြန်ပေးရန် တောင်းဆိုရင်း ရာထူးမှ အသီးသီးနှုတ်ထွက်သွားကြသည်။ 

အင်္ဂါနေ့မနက်ပိုင်းအထိ စာရင်းများအရ ဝန်ကြီးချုပ် စတာမာအား ရာထူးမှနှုတ်ထွက်ရန် တောင်းဆိုသည့် လေဘာပါတီ လွှတ်တော်အမတ် အရေအတွက်မှာ ၇၂ ဦးအထိ ရှိလာပြီဖြစ်သည်။ 

ယခုကဲ့သို့ ဖိအားများရှိနေသော်လည်း ဝန်ကြီးချုပ် စတာမာကမူ ၎င်းသည် မှန်ကန်သည့် နိုင်ငံရေးဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သူဖြစ်ကြောင်းနှင့် ရာထူးမှနှုတ်ထွက်မည်မဟုတ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။ 

ဗြိတိန်အစိုးရအဖွဲ့သည် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် ဆွေးနွေးရန် တရားဝင် တွေ့ဆုံရန်ရှိနေသည်။