ကချင် စစ်ကိုင်း အစပ်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ကလေးအပါအဝင် သေဆုံးသူ များပြားလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်။

စစ်ကိုင်းနှင့် ကချင်အစပ် အင်းတော်နှင့် မော်လူးမြို့နယ်တို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သား သေဆုံးသူ မြင့်တက်လာနေသည်။

မော်လူးမြို့နယ်၊ ပုန်းဟုန်ကျေးရွာတွင် နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်းက စစ်အုပ်စုတပ်၏ လက်နက်ကြီးကျည် နေအိမ် ပေါ် ကျရောက်ပေါက်ကွဲသဖြင့် အသက် ၅၀ ကျော်အရွယ် ဦးကျော်ဆန်းနှင့် ဇနီးဖြစ်သူ ဒေါ်မြင့်ကြည် တို့ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ထိုဖြစ်စဉ် မတိုင်မီ နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းကလည်း ပုန်းဟုန်ရွာကို စစ်အုပ်စုတပ်က တိုက်လေယာဉ် ဖြင့် ဗုံးကြဲခဲ့ရာ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ သဖြင့် ပုန်းဟုန်ကျေးရွာတစ်ရွာတည်း၌ပင် ရက်ပိုင်းအတွင်း သေဆုံးသူ ၅ ဦးအထိ ရှိလာခဲ့သည်။

စစ်အုပ်စုတပ်သည် မြေပြင်တိုက်ပွဲများတွင် အထိအခိုက် များပြားနေသည့်အတွက် တိုက်ပွဲမရှိသည့် ဘေးပတ်ဝန်းကျင် ကျေးရွာများကိုပါ ပစ်မှတ်ထား လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြုကာ ဆက်တိုက် တိုက်ခိုက်နေ ခြင်းဖြစ်ကြောင်း မော်လူးမြို့ခံတစ်ဦးက ပြောသည်။

“စစ်အုပ်စုတပ်က တိုက်ပွဲမှာ အထိနာတော့ ရွာတွေကို အငြိုးနဲ့ လေယာဉ်ရော လက်နက်ကြီးပါ ပစ်နေတာ။ မနေ့ကဆို ပုန်းဟုန်ရွာထဲ လက်နက်ကြီးကျပြီး လင်မယားနှစ်ယောက်လုံး အိမ်ထဲမှာတင် ပွဲချင်းပြီး ဆုံးသွား တယ်။ ရှေ့ရက်ကလည်း လေယာဉ်နဲ့ ကြဲလို့ ကလေးငယ်တစ်ယောက်နဲ့ လူကြီးတွေပါ သေထားတော့ ရွာမှာ ကြောက်လန့်ပြီး ဘယ်သူမှ မနေရဲကြတော့ဘူး။”

အလားတူ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း စီပိန်းကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် နေအိမ် ၂ လုံး မီးလောင် ပျက်စီးခဲ့သည်။ စစ်အုပ်စုတပ် စစ်ကြောင်းများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ မော်လူးမြို့အနီး ပတ်ဝန်းကျင် ကျေးရွာများကို ပြာကျသည်အထိ လေကြောင်းမှ ဗုံးကြဲရန် စစ်အုပ်စု တပ်ဖွဲ့ဝင်များကို ညွှန်ကြားထားကြောင်း သတင်းများထွက်ပေါ်နေသည်။

လေကြောင်း အန္တရာယ်နှင့် စစ်ရေးအခြေအနေ ပြင်းထန်နေသည့် အခြေအနေနှင့် ပတ်သက်၍ မြေပြင် သတင်း ရင်းမြစ်တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“မော်လူးမြို့ထဲက စစ်အုပ်စု ဗျူဟာမှူးက ဘေးရွာတွေကို အကုန် ပြာကျအောင်ကြဲဖို့ အမိန့်ပေးထားတာ။ မြို့ ပေါ်ကျန်တဲ့ ကားဆရာတွေကိုလည်း အစည်းအဝေးခေါ်ပြီး မြို့ပြင်ထွက်ရင် ရွာတွေအကုန် လေယာဉ်နဲ့ ကြဲ မှာမို့လို့ ဘာမှ မလှုပ်ရှားဖို့ ခြိမ်းခြောက်ထားတယ်။ အခုလည်း တိုက်လေယာဉ်တွေနဲ့ နိမ့်နိမ့်လေး ပျံပြီး ပစ်နေ တာဆိုတော့ စစ်ဘေးရှောင် ပြည်သူတွေအတွက် အရမ်း အန္တရာယ်များနေပါတယ်။”

လက်ရှိတွင် အင်းတော်၊ ကောလင်း၊ ဝန်းသိုနှင့် မော်လူးမြို့နယ်များ၌ စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုး သတ်ဖြတ် မှုနှင့် လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား သေဆုံးသူ ၂၀ ထက်မနည်း ရှိလာနေပြီး ကျေးရွာ ၁၅ ရွာထက်မနည်း စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

စစ်အုပ်စုတပ်က ကောလင်းမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများကို ဆေးကုသပေးနေသည့် ဆေးရုံကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် CDM ဆရာဝန်တစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းအချို့ သေဆုံးခဲ့သည့်အပြင် ဒိုးပင်တောင်ရိုးတွင်လည်း စစ်ဘေးရှောင် ၃ ဦးကို စစ်အုပ်စုတပ်က ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့သည်။

နယ်မြေတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် မန္တလေးနှင့် ကချင်ပြည်အကြား သွားလာသည့် ခရီးသည်များနှင့် ကုန် တင်ကားများ လမ်းပိုင်းအချို့တွင် ပိတ်မိနေပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ကသာ – မော်လူးနှင့် ကသာ – ထီးချိုင့် ကားလမ်းများကို သွားလာခြင်း မပြုရန်နှင့် ပြည်သူများအနေဖြင့် လုံခြုံရေး အထူးသတိပြုကြရန် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ထားသည်။

(ဓာတ်ပုံ – Tun Lin Oo Screenshots)