ယူကရိန်းအတွက် အကူအညီကို အီးယူနိုင်ငံများ မျှဝေတာဝန်ယူရန် ဂျာမနီ ဝန်ကြီးချုပ် တောင်းဆို

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်။

ယူကရိန်းနိုင်ငံအတွက် လိုအပ်နေသော ဘဏ္ဍာရေး အကူအညီများကို ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံအားလုံး ကူညီမျှဝေ တာဝန်ယူရန် ဂျာမနီက တောင်းဆိုလိုက်သည်။

မျှဝေ တာဝန်ယူခြင်း မရှိပါက အီးယူ၏ အနာဂတ် ဘတ်ဂျက်သစ် သဘောတူညီချက် ရရှိရန် လုံးဝ ဖြစ်နိုင်မည် မဟုတ်ကြောင်း ဂျာမနီ ဝန်ကြီးချုပ် ဖရီးဒရစ် မာဇ် (Friedrich Merz) က သတိပေးပြောကြားလိုက်သည်။

ရုရှား၏ တိုက်ခိုက်မှုများကြောင့် လာမည့် ၂၀၂၇ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၌ ဘဏ္ဍာရေး လိုအပ်ချက် ယူရို ဘီလီယံ ၇၀ အထိ ရှိလာမည်ဖြစ်ပြီး အဆိုပါ ပမာဏ၏ သုံးပုံနှစ်ပုံဖြစ်သည့် ယူရို ၄၅ ဘီလီယံကို အီးယူက ထောက်ပံ့ပေးရန် ပြင်ဆင်လျက်ရှိသည်။

ဂျာမနီ ဝန်ကြီးချုပ် မာဇ်က အီးယူ ကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာထံ ပေးပို့သော စာ၌ ယူကရိန်းအား ကူညီရေးသည် ဥရောပတစ်ဝန်း၏ လုံခြုံရေးနှင့် တိုက်ရိုက် သက်ဆိုင်နေသဖြင့် စီးပွားရေး ဝန်ထုပ်ဝန်ပိုးကိုလည်း အဖွဲ့ဝင် နိုင်ငံအသီးသီးက မျှဝေတာဝန်ယူရမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဂျာမနီ အပါအဝင် နိုင်ငံအနည်းငယ်ကသာ အများစု ရုန်းကန် ထောက်ပံ့နေရသည့် အပေါ် မကျေနပ်ကြောင်း ဖော်ပြထားသည်။

သို့သော် ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ ချက်နှင့် ဘူဂေးရီးယား နိုင်ငံတို့က ယူကရိန်းအတွက် ပူးတွဲ ကြွေးမြီယူ၍ ကူညီမည့် အစီအစဉ်တွင် ပါဝင်ရန် ငြင်းဆန်ထားသဖြင့် အီးယူ အဖွဲ့ဝင် နိုင်ငံများအကြား သဘောထား ကွဲလွဲမှုများ အပြင်းအထန် ဖြစ်ပေါ်လျက်ရှိသည်။