ယူကရိန်းနှင့် မော်လ်ဒိုဗာတို့အား EU အဖွဲ့ဝင်အဖြစ် လက်ခံရေး တရားဝင်စတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်။ 

ဥရောပသမဂ္ဂ (EU) သည် ယူကရိန်းနှင့် မော်လ်ဒိုဗာနိုင်ငံတို့အား အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ရေးအတွက် လိုအပ်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲများကို လူဇင်ဘတ်နိုင်ငံ၌ တရားဝင်စတင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ရုရှား၏ ကျူးကျော်စစ်ကို ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံအနေဖြင့် ယခုအဖွဲ့ဝင်ဖြစ်ခွင့်ကို နိုင်ငံအတွက် အရေးပါသော လုံခြုံရေးအာမခံချက်တစ်ရပ်အဖြစ် ရှုမြင်ထားသည်။ 

ယူကရိန်းဒုတိယဝန်ကြီးချုပ် တာရပ်စ် ကာချ်ကာ ကလည်း ရုရှား၏ ခြိမ်းခြောက်မှုများသည် ရေရှည်မူဝါဒအဖြစ် ရှိနေဆဲဖြစ်သောကြောင့် ဥရောပတစ်ခွင် ပိုမိုစည်းလုံးရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်တွင် အဓိကအပြောင်းအလဲမှာ ယူကရိန်း၏ EU ဝင်ရောက်ရေးကို အစဉ်တစိုက် ဗီတိုအာဏာဖြင့် ပိတ်ဆို့ခဲ့သော ဟန်ဂေရီဝန်ကြီးချုပ်ဟောင်း ဗစ်တာ အော်ဘန်သည် ပြီးခဲ့သည့် ဧပြီလရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်။ 

၎င်း၏နေရာတွင် ဆက်ခံသည့် ဝန်ကြီးချုပ်သစ် ပီတာ မာဂျာက ယူကရိန်းအပေါ် ချမှတ်ထားသော ပိတ်ဆို့တားဆီးမှုများကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

တစ်ဖက်တွင်လည်း ရုရှားနိုင်ငံသည် အိမ်နီးချင်း မော်လ်ဒိုဗာနိုင်ငံကို ၎င်း၏ဩဇာအာဏာအောက်တွင် ထိန်းချုပ်ထားနိုင်ရန်အတွက် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင်း ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးပြုကာ သတင်းတု၊ သတင်းမှားများဖြင့် လွှမ်းမိုးရန် ကြိုးပမ်းခဲ့သည်။ 

သို့သော်လည်း မော်လ်ဒိုဗာပြည်သူများက အနောက်တိုင်းလိုလားသည့် လက်ရှိသမ္မတကိုသာ ထပ်မံရွေးချယ် တင်မြှောက်ခဲ့ကြသည်။