ယူကရိန်း စစ်ပွဲ ၄ နှစ်ပြည့်တွင် ရုရှားက လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။
ရုရှား-ယူကရိန်း ကျူးကျော်စစ် သက်တမ်း (၄) နှစ်ပြည့်မြောက်ရန် ရက်ပိုင်းအလိုဖြစ်သော ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံတစ်ဝန်းသို့ ဒရုန်းစင်းရေ ၂၉၇ စင်းနှင့် ဒုံးကျည် ၅၀ နီးပါးကို အသုံးပြု၍ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။
ဤတိုက်ခိုက်မှုကြောင့် ကိုင်ဗ်မြို့တော်အတွင်းရှိ လူနေအိမ်များ၊ လျှပ်စစ်ဓာတ်အားလိုင်းများ၊ ရေပေးဝေရေးနှင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့သည်။
လက်ရှိတွင် ကိုင်ဗ်မြို့နေလူထု ၅ သိန်းကျော်မှာ လျှပ်စစ်မီး ပြတ်တောက်လျက်ရှိပြီး အနုတ် ၂၂ ဒီဂရီ စင်တီဂရိတ် အထိ ရှိသော ပြင်းထန်သည့် ဆောင်းရာသီအအေးဒဏ်ကို ရင်ဆိုင်နေကြရသည်။
တစ်ဖက်တွင်လည်း ယူကရိန်းနယ်မြေကို ဖြတ်သန်းသွားသော “Druzhba” ရေနံပိုက်လိုင်း ပျက်စီးမှုကြောင့် ရုရှားရေနံ မရရှိတော့သည့်အပေါ် အိမ်နီးချင်း ဟန်ဂေရီနှင့် စလိုဗက်ကီးယားနိုင်ငံတို့က ယူကရိန်းအား ဖိအားပေးလျက်ရှိပါသည်။
ဟန်ဂေရီနိုင်ငံက ရေနံပိုက်လိုင်းကို အမြန်ဆုံး ပြုပြင်ပေးရန်နှင့် ပျက်ကွက်ပါက ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများကို ဗီတိုအာဏာဖြင့် ပိတ်ပင်မည်ဟု ခြိမ်းခြောက်ထားသလို၊ စလိုဗက်ကီးယားနိုင်ငံကလည်း ရေနံပြန်လည်ပေးပို့ခြင်းမရှိပါက ယူကရိန်းသို့ ရောင်းချနေသော အရေးပေါ်လျှပ်စစ်ဓာတ်အားများကို ဖြတ်တောက်မည်ဟု ရာဇသံပေးထားသည်။