နော်ဝေအိမ်ရှေ့မင်းသမီး၏သား မုဒိမ်းမှုများဖြင့် ထောင်ဒဏ် ချမှတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်။

နော်ဝေနိုင်ငံ အိမ်ရှေ့မင်းသမီး မက်တီ-မာရစ် (Mette-Marit) ရဲ့ အသက် ၂၉ နှစ်အရွယ် သားဖြစ်သူ မာရီယပ်စ် ဘော့ဂ် ဟွိုင်ဘီ (Marius Borg Høiby) အား မုဒိမ်းမှုအပါအဝင် ပြစ်မှုအပြားဖြင့် အော်စလိုခရိုင်တရားရုံးက ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်စီရင်ချက် ချမှတ်လိုက်သည်။

တရားခံ ဟွိုင်ဘီသည် အိမ်ရှေ့မင်းသမီး၏ သားဖြစ်သော်လည်း တော်ဝင်မိသားစုဝင် ဥပဒေအရ အခွင့်အရေးရရှိသူတစ်ဦး မဟုတ်ပေ။

သို့သော်လည်း တော်ဝင်မိသားစုအတွင်း ကြီးပြင်းလာသူဖြစ်ခြင်းကြောင့် ယခုအမှုသည် နော်ဝေတော်ဝင်မိသားစု၏ ဂုဏ်သိက္ခာအပေါ် များစွာထိခိုက်ကျဆင်းစေခဲ့သည်။

၎င်းအပေါ် စွဲချက်တင်ထားသည့် မုဒိမ်းမှု ၄ ခုအနက် ၂ ခုအတွက် တရားသူကြီးများက အပြစ်ရှိကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းတို့မှာ ၂၀၁၈ ခုနှစ်က အိမ်ရှေ့မင်းသား၏ စံအိမ်ခြံဝင်းအတွင်း အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်မှုနှင့် ၂၀၂၄ ခုနှစ်က အော်စလိုမြို့ရှိ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်မှုတို့ ဖြစ်သည်။

နစ်နာသူအမျိုးသမီးများသည် ပါတီပွဲအပြီး အိပ်ပျော်နေစဉ် သို့မဟုတ် ခုခံနိုင်စွမ်းမရှိသည့် အခြေအနေများတွင် ပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီး၊ ရဲတပ်ဖွဲ့က တရားခံ၏ လက်ကိုင်ဖုန်းအတွင်းမှ ဗီဒီယိုမှတ်တမ်းများကို ရှာဖွေတွေ့ရှိခဲ့ရာမှတစ်ဆင့် အမှုပေါ်ပေါက်လာခြင်း ဖြစ်သည်။

၎င်းအပြင် တရားခံသည် ရည်းစားဟောင်းဖြစ်သူ နော်ဝေအင်ဖလွန်ဆာ (Influencer) နိုရာ ဟော့က်လန် (Nora Haukland) အား နှိပ်စက်ညှဉ်းပန်းမှု၊ အခြားလက်တွဲဖော်တစ်ဦးအား ကိုယ်ထိလက်ရောက် ပြင်းထန်စွာ နာကျင်စေမှုတို့ဖြင့်ပါ ပြစ်ဒဏ်စီရင်ခံခဲ့ရသည်။

နစ်နာသူအမျိုးသမီး ၄ ဦးအတွက် စုစုပေါင်း နော်ဝေကရိုနာ ၆ သိန်း ၄ သောင်း (မြန်မာကျပ်ငွေ သိန်း ၃,၀၀၀ နီးပါး) ကို လျော်ကြေးငွေအဖြစ် ပေးလျော်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။