နော်ဝေ အိမ်ရှေ့မင်းသမီးရဲ့ သား မုဒိမ်းမှု အပါအဝင် လိင်စော်ကားမှု အများအပြားနှင့် တရားရုံးတွင် ရင်ဆိုင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။ 

နော်ဝေးနိုင်ငံ အိမ်ရှေ့မင်းသမီး မက်တီမာရစ် (Mette-Marit) ၏ သားဖြစ်သူ အသက် ၂၉ နှစ်အရွယ် မားရိယပ်စ် (Marius Borg Høiby) အား အော်စလိုခရိုင်တရားရုံး၌  မုဒိန်းမှု၊ လိင်စော်ကားမှုနှင့် အခြား ကြီးလေးသော ပြစ်မှု စွပ်စွဲချက်များဖြင့် အင်္ဂါနေ့တွင် စတင်စစ်ဆေးစီရင်လျက်ရှိသည်။ 

မားရိယပ်စ်သည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က အမျိုးသမီးတစ်ဦး၏ တိုက်ခန်းအတွင်း အကြမ်းဖက်မှုကျူးလွန်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။ 

တရားခွင် မစတင်မီကာလအတွင်း၌လည်း ၎င်းသည် တားမြစ်မိန့်ကို ချိုးဖောက်ခြင်း၊ ဓားဖြင့် ခြိမ်းခြောက်ခြင်းနှင့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဆိုင်ရာ သံသယများဖြင့် ထပ်မံဖမ်းဆီးခံခဲ့ရသဖြင့် လက်ရှိတွင် အချုပ်ဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

၎င်းအပေါ် စွဲဆိုထားသည့် စွဲချက်ပေါင်း ၃၈ ခု ရှိပြီး ယင်းတို့အနက် မုဒိမ်းမှုအပါအဝင် ကြီးလေးသော ပြစ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည် –

·       ၂၀၂၃ ခုနှစ်အတွင်း သတိမေ့နေသည့် အမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်မှု။

·       ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၃ ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားမုဒိမ်းကျင့်မှု။

·       ခွင့်ပြုချက်မရှိဘဲ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုရိုက်ကူးမှု ၆ ကြိမ်။

·       အတူနေဖော် သို့မဟုတ် ချစ်သူဟောင်းများအား ခြိမ်းခြောက်ခြင်း၊ နှိပ်စက်ခြင်းနှင့် အနိုင်ကျင့်ခြင်းများ။

·       ဆေးခြောက် ၃.၅ ကီလိုဂရမ် သယ်ဆောင်မှုနှင့် အရှိန်ပြင်းစွာ မော်တော်ယာဉ် မောင်းနှင်မှုများ။

မားရိယပ်စ်၏ ရှေ့နေအဖွဲ့က လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ စွဲချက်အများစုကို ငြင်းဆိုထားသော်လည်း ၎င်းသည် ကနဦးအဖမ်းခံရစဉ်က ပစ္စည်းများအား ဖျက်ဆီးခြင်းနှင့် အသေးအဖွဲ ကိုယ်ထိလက်ရောက် ကျူးလွန်မှုအချို့ကိုမူ ဝန်ခံထားသည်။ 

အကယ်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ၎င်းသည် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖွယ်ရှိသည်။

တစ်ချိန်တည်းမှာပင် အိမ်ရှေ့မင်းသမီး မက်တီမာရစ်ကိုယ်တိုင် ပါဝင်ပတ်သက်နေသည့် အရှုပ်တော်ပုံတစ်ခုကြောင့်လည်း နော်ဝေးပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ 

လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ကွယ်လွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် အိမ်ရှေ့မင်းသမီးတို့အကြား အီးမေးလ်ပေါင်း ၉၀၀ ကျော် အပြန်အလှန် ပေးပို့ခဲ့ကြောင်း အမေရိကန် တရားရေးဌာနက ထုတ်ပြန်ခဲ့သည်။ 

အိမ်ရှေ့မင်းသမီးက သူမအနေဖြင့် “ဆုံးဖြတ်ချက် မှားယွင်းခဲ့ခြင်း” ဖြစ်ကြောင်း ဝန်ခံထားသော်လည်း အက်ပ်စတိန်း၏ ဖလော်ရီဒါရှိ နေအိမ်၌ ၄ ရက်ကြာ သွားရောက်နေထိုင်ခဲ့သည့် အချက်များကြောင့် သူမ၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

ယင်းအရှုပ်တော်ပုံများကြောင့် “လိင်နှင့် လူ့အဖွဲ့အစည်း ဖောင်ဒေးရှင်း” (Sex and Society Foundation) က အိမ်ရှေ့မင်းသမီးအား ၎င်းတို့၏ နှစ်ပတ်လည်ဆုအတွက် နာယကအဖြစ်မှ ပယ်ဖျက်လိုက်ပြီဖြစ်သည်။ 

ယခု ကြားနာနေသော တရားခွင်သို့ တော်ဝင်မိသားစုဝင်များ တက်ရောက်မည်မဟုတ်ဘဲ ဘုရင်ကြီးနှင့် မိဖုရားကြီးတို့သည်လည်း အီတလီနိုင်ငံတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပွဲတော်သို့ သွားရောက်ရန် ရှိနေသည်။

လက်ရှိတွင် အမှုရင်ဆိုင်နေရသူ မားရိယပ်စ်သည် အိမ်ရှေ့မင်းသား ဟားကွန် (Haakon) နှင့် မတိုင်မီက ရရှိခဲ့သည့် သားဖြစ်သဖြင့် တော်ဝင်မိသားစုဝင်အစစ်အမှန် မဟုတ်ပေပ။ 

သို့သော်လည်း ယခုဖြစ်ရပ်များသည် နော်ဝေးတော်ဝင်မိသားစု၏ ဂုဏ်သိက္ခာအတွက် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။