အမေရိကန်စစ်အတွက် ပြင်ဆင်နေတဲ့ ဗီယက်နမ်ရဲ့ လျှို့ဝှက် အစီရင်ခံစာ ထွက်ပေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။
ဗီယက်နမ်စစ်တပ်ဟာ အမေရိကန်နဲ့ စစ်ဖြစ်လာနိုင်ခြေအတွက် ပြင်ဆင်နေတယ်ဆိုတဲ့ ဗီယက်နမ် အစိုးရ အတွင်းပိုင်းက လျှို့ဝှက်အစီရင်ခံစာတစ်စောင် ထွက်ပေါ်လာပါတယ်။
ဗီယက်နမ်နိုင်ငံဟာ အမေရိကန်နဲ့ သံတမန်ရေးအရ အမြင့်ဆုံးအဆင့် (Comprehensive Strategic Partnership) အထိ တိုးမြှင့်ထားပေမဲ့၊ ဗီယက်နမ်စစ်တပ်ရဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လထုတ် လျှို့ဝှက်စာတမ်းတစ်ခုမှာ အမေရိကန်ကို “ရန်လိုသော အင်အားစု” (Belligerent power) အဖြစ် သတ်မှတ်ထားကြောင်း လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ The 88 Project က ထုတ်ဖော်လိုက်ပါတယ်။
စာတမ်းရဲ့ အမည်ကိုတော့ “အမေရိကန်၏ ဒုတိယအကြိမ် ကျူးကျော်မှုစီမံကိန်း” (The 2nd U.S. Invasion Plan) လို့ ပေးထားပါတယ်။
ဒီစာတမ်းမှာ ဗီယက်နမ်စစ်ဘက် နည်းဗျူဟာပညာရှင်တွေက အမေရိကန်ဟာ တရုတ်ကို တားဆီးဖို့အတွက် အာရှနိုင်ငံတွေနဲ့ ပူးပေါင်းနေပေမဲ့၊ တစ်ဖက်မှာလည်း ဗီယက်နမ်ရဲ့ ဆိုရှယ်လစ်စနစ်ကို ပြောင်းလဲဖို့ “အရောင်တော်လှန်ရေး (Color Revolution)” တွေကတစ်ဆင့် ကြိုးပမ်းလာနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။
အရောင်တော်လှန်ရေးဆိုတာကတော့ ၁၉၉၀ ခုနှစ်တွေက ဆိုဗီယက် ယူနီယံကို ပြိုကွဲစေခဲ့တဲ့ လူထု လှုပ်ရှားမှုတွေကို အခြေခံတဲ့ တော်လှန်ရေးတွေကို ဆိုလိုပါတယ်။ ယူကရိန်းမှာ လိမ္မော်ရောင် တော်လှန်ရေး (Orange Revolution)၊ ဂျော်ဂျီယာမှာ နှင်းဆီတော်လှန်ရေး (Rose Revolution)၊ ဖိလစ်ပိုင်မှာ အဝါရောင်တော်လှန်ရေး (Yellow Revolution) စသဖြင့် သုံးနှုန်းခဲ့တဲ့ တော်လှန်ရေး ပုံစံမျိုးကို အမေရိကန်နဲ့ အနောက်တိုင်းနိုင်ငံတွေက ပုံဖော်မယ်လို့ ဆိုလိုတာပါ။
အမေရိကန်ဟာ ဗီယက်နမ်အတွက် အကြီးမားဆုံး ပို့ကုန်စျေးကွက်ဖြစ်သလို၊ တရုတ်ရဲ့ ရန်ကိုကာကွယ်ဖို့ အရေးပါတဲ့ မဟာမိတ်ဖြစ်ပါတယ်။
စစ်တပ်နှင့် ကွန်မြူနစ်ပါတီဝင်ဟောင်းတွေ ကတော့ ၁၉၇၅ မှာ ပြီးဆုံးခဲ့တဲ့ ဗီယက်နမ်စစ်ပွဲရဲ့ အငြိုးကို မမေ့သေးဘဲ အမေရိကန်ဟာ ဗီယက်နမ်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို အကြောင်းပြပြီး အစိုးရကို ဖြုတ်ချဖို့ ကြိုးစားလိမ့်မယ်လို့ သံသယရှိနေဆဲပါ။
လက်ရှိ ဗီယက်နမ်ခေါင်းဆောင် တိုလမ် (To Lam) ဟာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ထားပါတယ်။ ထရမ့်မိသားစုဟာ ဗီယက်နမ်မှာ ဒေါ်လာ ၁.၅ ဘီလီယံတန် ဂေါက်ကွင်းနဲ့ အိမ်ခြံမြေစီမံကိန်းတွေ လုပ်နေပါတယ်။
ဒါပေမဲ့ အမေရိကန်က ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်မျိုးတွေက ဗီယက်နမ်စစ်တပ်ကို ပိုပြီး စိုးရိမ်ထိတ်လန့်စေပါတယ်။ အမေရိကန် ရဲ့ ရန်သူ အဖြစ် ထုတ်ဖော်ပြောဆိုထားတဲ့ ကျူးဘား နိုင်ငံဟာ ဗီယက်နမ်ရဲ့ မဟာမိတ် ဖြစ်ပါတယ်။
ဗီယက်နမ်ဟာ ၁၉၅၅ ကနေ ၁၉၇၅ အထိ အမေရိကန်နဲ့ နှစ်ပေါင်း ၂၀ ကြာ စစ်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။ စစ်ပွဲပြီးနောက်ပိုင်း ၁၉၉၅ မှာမှ နှစ်နိုင်ငံ သံတမန်ရေး ပြန်လည်စတင်ခဲ့တာပါ။
ဗီယက်နမ်ဟာ တရုတ်နဲ့ ပိုင်နက်အငြင်းပွားမှုတွေ ရှိပေမဲ့ ကွန်မြူနစ်ပါတီ အချင်းချင်းဖြစ်လို့ အစိုးရဖြုတ်ချခံရမယ့် အန္တရာယ် (Existential Threat) အနေနဲ့ မမြင်ပါဘူး။
အမေရိကန်ကတော့ စီးပွားရေးအရ အားကိုးရပေမဲ့ “ဒီမိုကရေစီ” ဆိုတဲ့ အယူအဆက ကွန်မြူနစ်ပါတီ အာဏာတည်မြဲရေးအတွက် ခြိမ်းခြောက်မှုလို့ သူတို့က ယူဆနေပါတယ်။
အခု ထွက်ပေါ်လာတဲ့ အစီရင်ခံစာမှာ ဗီယက်နမ်အတွက် အမေရိကန်ရဲ့ အန္တရာယ်က ကာကွယ်ဖို့ အကြံပြုချက်တွေ ပါဝင်ပါတယ်။ အဓိက အကြံပြုချက် ၃ ခုကို ပေးထားပါတယ်။
၁။ ကျူးကျော်မှုအတွက် အကြောင်းပြချက်တွေကို ကာကွယ်ရန် (Pretext for Invasion)
ဗီယက်နမ်စစ်ဘက် နည်းဗျူဟာပညာရှင်တွေက အမေရိကန်ဟာ စစ်တိုက်ဖို့အတွက် “အကြောင်းပြချက်” (Pretext) တစ်ခုခု ဖန်တီးလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဥပမာ – လူမျိုးစုပဋိပက္ခ သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြောင်းပြပြီး ဝင်ရောက်စွက်ဖက်လာမှာကို စိုးရိမ်တာပါ။
ဒါကြောင့် အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေက ဗီယက်နမ်ကို ကျူးကျော်ဖို့ အကြောင်းပြချက် မရအောင် ကြိုတင်ကာကွယ်ရေး (Prevention) တွေကို အလေးထားလုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။
၂။ “ပုံစံသစ်စစ်ပွဲ” များအတွက် ပြင်ဆင်ခြင်း (Unconventional Warfare)
စစ်တပ်ဟာ ရှေးရိုးစဉ်လာ သေနတ်ကိုင်တိုက်တဲ့ စစ်ပွဲထက် ပိုမိုနက်နဲတဲ့ ပုံစံသစ်စစ်ပွဲ (Unconventional Warfare) တွေအတွက် ပြင်ဆင်နေပါတယ် –
(၂-က) အရောင်တော်လှန်ရေးကို တားဆီးခြင်း
ပြည်တွင်းမှာ အုံကြွမှုတွေ မဖြစ်အောင်၊ အနောက်တိုင်း တန်ဖိုးထားမှုတွေ (လွတ်လပ်စွာ ပြောဆိုခွင့်၊ ဒီမိုကရေစီ) စိမ့်ဝင်မလာအောင် ပြည်တွင်းလုံခြုံရေးနဲ့ ဝါဒဖြန့်ချိရေးပိုင်းကို တင်းကျပ်ဖို့ ပြင်ဆင်နေပါတယ်။
(၂-ခ) သတင်းအချက်အလက် စစ်ပွဲ
အင်တာနက်နဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် အစိုးရကို ဆန့်ကျင်တဲ့ အတွေးအခေါ်တွေ မပြန့်ပွားအောင် စောင့်ကြည့် ထိန်းချုပ်ဖို့ အလေးပေးထားပါတယ်။
၃။ မဟာဗျူဟာမြောက် နိုးနိုးကြားကြားရှိမှု (Strategic Vigilance)
ဗီယက်နမ်ဟာ အမေရိကန်နဲ့ “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်” အဖြစ် ပေါင်းနေပေမဲ့ စစ်တပ်ကတော့ “ရန်သူ့သဘောသဘာဝ” (Belligerent Nature) ဟာ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးလို့ မှတ်ယူထားပါတယ်။
အမေရိကန်ဟာ တရုတ်ကို ဝိုင်းပတ်ပိတ်ဆို့ဖို့ ဗီယက်နမ်ကို အသုံးချချင်နေတာဖြစ်လို့ အမေရိကန်ဦးဆောင်တဲ့ “တရုတ်ဆန့်ကျင်ရေး အုပ်စု” ထဲကို လုံးဝမဝင်ပါဘဲ သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်ဖို့ ပြင်ဆင်နေပါတယ်။
အမေရိကန်ရဲ့ သံတမန်ရေး ချဉ်းကပ်မှုတွေဟာ ဗီယက်နမ်ရဲ့ ဆိုရှယ်လစ်အစိုးရကို တဖြည်းဖြည်းချင်း ပြောင်းလဲပစ်ဖို့ ရည်ရွယ်တယ်လို့ မြင်တဲ့အတွက် “နိုင်ငံရေးအရ နိုးကြားမှု” ရှိဖို့ အရာရှိတွေကို လေ့ကျင့်ပေးနေပါတယ်။