အရှေ့အလယ်ပိုင်းတွင် အမေရိကန် စစ်အင်အားဖြည့်၊ အီရန်က လက်တုန့်ပြန်ရန် ပြင်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။
ပင်တဂွန်စစ်ဌာနချုပ်သည် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုနှင့် ထောင်ပေါင်းများစွာသော စစ်သည်တော်များကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်လျက်ရှိသည်။
+++ အမေရိကန်၏ စစ်ရေး ဖြည့်တင်းမှု +++
USS Abraham Lincoln လေယာဉ်တင်သင်္ဘောကြီးသည် ဖျက်သင်္ဘော ၃ စီးနှင့်အတူ တောင်တရုတ်ပင်လယ်မှ ထွက်ခွာလာပြီး လက်ရှိတွင် အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်းသင်္ဘောအုပ်စု ရောက်ရှိလာပါက စစ်သည်အင်အား ၅,၇၀၀ ခန့် တိုးလာမည်ဖြစ်သည်။
မူလက ပါရှန်းပင်လယ်ကွေ့အတွင်းတွေင် ဖျက်သင်္ဘော ၂ စီးနှင့် ဘာရိန်းဆိပ်ကမ်းတွင် ကမ်းခြေစောင့် တိုက်ခိုက်ရေးသင်္ဘော ၃ စီး ရှိနေပြီးသား ဖြစ်သည်။
အမေရိကန် လေတပ်၏ F-15E Strike Eagle တိုက်လေယာဉ်များ ဒေသတွင်းသို့ ရောက်ရှိနေသလို၊ ဗြိတိန်နိုင်ငံကလည်း Typhoon တိုက်လေယာဉ်များကို ကာတာနိုင်ငံသို့ စေလွှတ်ထားသည်။
+++ နောက်ခံ အခြေအနေ +++
အီရန်အစိုးရသည် ဖမ်းဆီးထားသော ဆန္ဒပြသူများကို အစုလိုက်အပြုံလိုက် ကွပ်မျက်မည်ဆိုပါက စစ်ရေးအရ အရေးယူမည်ဟု ထရန့်က ခြိမ်းခြောက်ထားခြင်းဖြစ်သည်။ အကယ်၍ အီရန်က ကွပ်မျက်မှုများ ဆက်လုပ်ပါက ပြီးခဲ့သည့်နှစ်က အီရန်နျူကလီးယားစခန်းများကို တိုက်ခိုက်ခဲ့မှုထက် ပိုမိုပြင်းထန်သည့် စစ်ရေးအရေးယူမှုမျိုး ကြုံရမည်ဟု ထရန့်က သတိပေးထားသည်။
ဆန္ဒပြပွဲများ အတွင်း အီရန် အစိုးရ၏ နှိမ်နင်းမှုကြောင့် လူပေါင်း ၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၂၇,၀၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။ သို့သော်လည်း အီရန်အစိုးရကမူ သေဆုံးသူ ၃,၀၀၀ ကျော်သာရှိကြောင်း ထုတ်ပြန်ထားသည်။
အီရန်အာဏာပိုင်များက ဖမ်းဆီးထားသူများကို အမြန်စီရင်ချက်ချ၍ ကွပ်မျက်သွားမည်ဟု ဆိုထားသလို၊ အမေရိကန် သို့မဟုတ် အစ္စရေးက ကြားဝင်နှောင့်ယှက်ပါက ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု တုံ့ပြန်ထားသည်။
+++ အီရန်၏ တု့န်ပြန်ရန် ပြင်ဆင်မှုများ +++
အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား ပြသမှုများအပေါ် အီရန်နိုင်ငံအနေဖြင့် ထူးခြားသော တုံ့ပြန်မှုများနှင့် စစ်ရေးပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။
အီရန်၏ စစ်ဗျူဟာမှာ အမေရိကန်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းထက် “အချိုးမညီသော စစ်ဗျူဟာ” (Asymmetric Warfare) ကို အဓိကထား ကျင့်သုံးနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။
အီရန်ဘက်ကလည်း အမေရိကန်က တိုက်ခိုက်လာပါက ကျယ်ကျယ်ပြန့်ပြန့် လက်တုန့်ပြန်တိုက်ခိုက်သွားမည်ဟု ပြောထားသည်။
၁။ ဒုံးကျည်နှင့် ဒရုန်းအင်အား စုဆောင်းခြင်း
အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် အကြီးမားဆုံးသော ဒုံးကျည်အင်အားကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။
ပဲ့ထိန်းဒုံးကျည်များ (Ballistic Missiles): အကွာအဝေး ကီလိုမီတာ ၂,၀၀၀ အထိ ပစ်ခတ်နိုင်သော ပဲ့ထိန်း ဒုံးကျည် (Ballistic Missiles) များကို ပိုင်ဆိုင်ထားပြီး အစ္စရေးနိုင်ငံနှင့် ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို တိကျစွာ ထိမှန်နိုင်စွမ်းရှိပါသည်။
ယူကရိန်းစစ်ပွဲတွင် အသုံးပြုခဲ့သည့် Shahed ဒရုန်းများကဲ့သို့ ကုန်ကျစရိတ်သက်သာပြီး အုပ်စုလိုက် တိုက်ခိုက်နိုင်စွမ်းရှိသော အသေခံဒရုန်းများ (Kamikaze Drones): ကို အလုံးအရင်းဖြင့် အသုံးပြုရန် ပြင်ဆင်ထားသည်။
၂။ ဟော်မုဇ်ရေလက်ကြားအား ပိတ်ဆို့နိုင်စွမ်းရှိခြင်း
ကမ္ဘာ့ရေနံတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းကျော် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အီရန်နိုင်ငံက ထိန်းချုပ်ထားနိုင်သည်။
အီရန်တော်လှန်ရေး အစောင့်တပ် (IRGC) သည် အရှိန်ပြင်း တိုက်ခိုက်ရေးလှေငယ်များ၊ ရေမြုပ်မိုင်းများနှင့် ရေငုပ်သင်္ဘောငယ်များကို အသုံးပြု၍ ဤရေလမ်းကြောင်းကို ပိတ်ဆို့ရန် ကြိုးပမ်းနိုင်ပါသည်။
ဤသို့ လုပ်ဆောင်ပါက ကမ္ဘာ့စီးပွားရေး အပေါ် အကျိုးသက်ရောက်မှု အများအပြား ရှိလာနိုင်သည်။
၃။ ကြားခံလက်နက်ကိုင်တပ်ဖွဲ့များကို အသုံးချခြင်း
အီရန်နိုင်ငံသည် ၎င်း၏ နယ်နိမိတ်ပြင်ပရှိ “ခုခံရေးဝင်ရိုး” (Axis of Resistance) ဟု ခေါ်ဆိုသော မဟာမိတ် လက်နက်ကိုင်အဖွဲ့များကို အသုံးချ၍ တိုက်ခိုက်နိုင်စွမ်း ရှိပါသည်။
လက်ဘနွန်ရှိ ဟစ်ဇဘိုလာ (Hezbollah)၊ ယီမင်ရှိ ဟူသီ (Houthis) နှင့် အီရတ်ရှိ ရှီအာ လက်နက်ကိုင်အဖွဲ့များကို အသုံးချ၍ အမေရိကန်၏ အကျိုးစီးပွားများကို နေရာအနှံ့အပြားမှ တပြိုင်နက်တည်း တိုက်ခိုက်နိုင်စွမ်း ရှိထားသည်။
၄။ ပြည်တွင်းလုံခြုံရေးနှင့် ဆိုင်ဘာကာကွယ်ရေး
နိုင်ငံအတွင်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို နှိမ်နင်းသည့်အပြင် ပြည်ပမှ ဆိုင်ဘာတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် အင်တာနက် ဖြတ်တောက်ခြင်းနှင့် ဆိုင်ဘာလုံခြုံရေး လုပ်ငန်းစဉ်များကိုလည်း အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပါသည်။
အမေရိကန် နှင့် အီရန်တို့ အကြား တင်းမာမှုများ တဖြည်းဖြည်း မြင့်တက်လာနေပြီး အချိန်မရွေး ထပေါက်နိုင်သည့် ချိန်ကိုက်မိုင်း တစ်ခုကဲ့သို့ ဖြစ်နေသည်။