အမေရိကန် တရားရုံးတစ်ခုက မြန်မာနိုင်ငံသားများအပေါ် ပြည်နှင်ဒဏ်ပေးခြင်းမှ အကာအကွယ်ပေးမှုကို သက်တမ်းတိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။ 

အမေရိကန်ရောက် မြန်မာနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးခြင်းမှ အကာအကွယ်ပေးထားသည့် ယာယီ ကာကွယ်မှု အခြေအနေ Temporary Protected Status (TPS) အစီအစဉ်ကို ရပ်ဆိုင်းရန် ထရန့်အစိုးရ၏ ကြိုးပမ်းမှုကို အမေရိကန်ဖက်ဒရယ်တရားသူကြီးတစ်ဦးက တားမြစ်ပိတ်ပင်လိုက် သည်။ 

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းနေထိုင်သူ ၃,၆၀ဝ ကျော်အား ပြည်နှင်ဒဏ်ပေးခြင်းမှ အကာအကွယ်ပေးထားသည့် အစီအစဉ်ကို ရပ်ဆိုင်းရန် ထရန့်အစိုးရ၏ ဆုံးဖြတ်ချက်ကို အမေရိကန်ဖက်ဒရယ်တရားသူကြီးတစ်ဦးက ပိတ်ပင်လိုက်ကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စု အီလီနွိုက်ပြည်နယ်မှ တရားသူကြီး မက်သရူး ကန်နယ်လီ (Matthew Kennelly) က စာမျက်နှာ ၅၇ မျက်နှာပါရှိသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီနိုမ် (Kristi Noem) ၏ TPS ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်ရှိအခြေအနေများကို လုံလောက်စွာ ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

ဝန်ကြီး ခရစ္စတီ နိုမ်က မြန်မာနိုင်ငံ၏ အခြေအနေများမှာ တိုးတက်ကောင်းမွန်လာသဖြင့် နေရပ်ပြန်ပို့ရန် သင့်တော်ပြီဟု ခုခံပြောဆိုခဲ့သော်လည်း၊ အခြားအစိုးရအရာရှိများ၏ အစီရင်ခံစာများတွင်မူ မြန်မာနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ အလွန်မြင့်မားနေကြောင်း ဖော်ပြထားသည်ဟု တရားသူကြီးက ရေးသားခဲ့သည်။

ဝန်ကြီးနိုမ်၏ လုပ်ဆောင်ချက်မှာ မြန်မာနိုင်ငံ၏ အခြေအနေ ပြောင်းလဲမှုအပေါ် အခြေခံခြင်းထက် ၎င်း၏ မူဝါဒဖြစ်သော လူဝင်မှုကြီးကြပ်ရေးကို ကန့်သတ်ရန်နှင့် TPS အစီအစဉ်များကို ယေဘုယျအားဖြင့် ဖျက်သိမ်းရန်ဟူသော ပုဂ္ဂိုလ်ရေး ရည်မှန်းချက်ကို ရှေ့တန်းတင်ခဲ့ခြင်းဖြစ်ကြောင်း တရားသူကြီးက စွပ်စွဲထားသည်။

ထို့ကြောင့် တရားသူကြီးက ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာန၏ TPS ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။ 

သို့ဖြစ်ရာ နောက်ထပ် တစ်စုံတစ်ရာ အမိန့်ချမှတ်ခြင်းမပြုမီ သို့မဟုတ် ဝန်ကြီးဌာနက အယူခံဝင်ပြီး အယူခံ နိုင်သွားခြင်း မရှိပါက လအနည်းငယ် သို့မဟုတ် တစ်နှစ် ကျော်အချိန်ထိ မြန်မာနိုင်ငံသား ၃၆၀၀ ခန့်မှာ TPS ကာကွယ်မှုကို ဆက်လက် ရရှိနေမည်ဖြစ်သည်။ 

သို့သော်လည်း မြန်မာနိုင်ငံ၏ အခြေအနေများ သိသိသာသာ ပြောင်းလဲကောင်းမွန်သွားသည်ဟု အမေရိကန်အစိုးရက သတ်မှတ်နိုင်ပါက (သို့မဟုတ် တရားရုံးတွင် သက်သေပြနိုင်ပါက) အချိန်မရွေး ပြန်လည်ရပ်ဆိုင်းခံရနိုင်ခြေ ရှိသည်။