ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ အသိအမှတ်ပြုမှု အရေးမကြီးဟု ဗိုလ်ချုပ်မှူးကြီးပြော 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။ 

စစ်ကော်မရှင်က ဦးစီးကျင်းပနေသည့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာက အသိအမှတ်ပြုခြင်း ရှိ၊ မရှိထက် မဲလာပေးသည့် ပြည်သူများကိုသာ အသိအမှတ်ပြုကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်း ကျင်းပနေသည့် အပိုင်း (၃) ရွေးကောက်ပွဲ မဲရုံများသို့ သွားရောက် ကြည့်ရှုစဉ် သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

၎င်းက ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ၏ ဝေဖန်ကန့်ကွက်မှုများကို ပယ်ချခဲ့ပြီး မြန်မာ့ပြည်တွင်းရေးအဖြစ်သာ ရှုမြင်ကြောင်း ဆိုသည်။

မြန်မာပြည်ထဲက ပြည်သူတွေ မဲပေးတာလေ။ သူတို့အပြင်က လူတွေ မဲပေးတာ မဟုတ်ဘူး။ ဒါကို နိုင်ငံခြားက အသိအမှတ်ပြုတာ၊ မပြုတာ ကျွန်တော်တို့ နားမလည်(ပေးနိုင်)ဘူး။ ပြည်သူက မဲပေးတာ ကျွန်တော်တို့ အသိအမှတ်ပြုမယ်။ ဒီလိုပဲ သွားရမယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် အပိုင်း ၁ နှင့် ၂ ရွေးကောက်ပွဲများတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အပြတ်အသတ် အနိုင်ရနေခြင်းမှာ တပ်နှင့် နီးစပ်၍ မဟုတ်ဘဲ ပြည်သူက ပေးချင်သည့်သူကို ပေးခြင်းသာဖြစ်ကြောင်း ၎င်းက ခုခံပြောဆိုခဲ့သည်။ 

မဲလာမပေးသူများနှင့် ပတ်သက်၍မူ ၎င်းတို့နှစ်သက်သည့် ကိုယ်စားလှယ်မပါခြင်း သို့မဟုတ် လုံခြုံရေး အခြေအနေကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

လာပေးတဲ့သူတွေက သူတို့ ထောက်ခံချင်တဲ့ လူတွေပါလို့ မဲလာပေးတာ။ သူတို့ ထောက်ခံချင်တဲ့ လူတွေ မပါဘူးဆိုရင် မဲလာပေးမှာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ခေါင်းဆောင်က ထိုသို့ပြောဆိုနေသော်လည်း အာဆီယံကမူ ဤရွေးကောက်ပွဲရလဒ်ကို အသိအမှတ် ပြုမည် မဟုတ်ကြောင်းနှင့် လေ့လာသူများ စေလွှတ်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပသည့် အပိုင်း (၃) ရွေးကောက်ပွဲကို နိုင်ငံအနှံ့ မြို့နယ် ၆၁ မြို့နယ်တွင် ပြုလုပ် နေခြင်းဖြစ်ပြီး မန္တလေးတိုင်းအတွင်းရှိ ချမ်းမြသာစည်၊ ပုသိမ်ကြီးနှင့် မြင်းခြံ အပါအဝင် ၈ မြို့နယ် ပါဝင်သည်။ 

သို့သော်လည်း နယ်မြေမတည်ငြိမ်သည့် မိုးကုတ်၊ စဉ့်ကူးနှင့် နွားထိုးကြီးမြို့နယ်များတွင်မူ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

မြေပြင်အခြေအနေတွင်မူ ဖားကန့်ကဲ့သို့သော မြို့နယ်များ၌ မဲရုံများ ခြောက်ကပ်နေပြီး တိုက်ပွဲများကြောင့် ဒေသခံများ ဘေးလွတ်ရာ ရှောင်တိမ်းနေရသည့် အခြေအနေများ ရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ က ပြောသည်။