လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဖားကန့်ရွေးကောက်ပွဲ မဲပေးသူ နည်းပါး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။
ကချင်ပြည်၊ ဖားကန့်မြို့တွင် ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် စစ်ကော်မရှင်၏ အပိုင်း (၃) ရွေးကောက် ပွဲသည် မြို့ပေါ်တွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုများကြောင့် မဲလာပေးသူမရှိဘဲ တိတ်ဆိတ်စွာ ပြီးဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ဖားကန့်မြို့အဝင်အထွက် တံတားများကို ဇန်နဝါရီ ၂၃ ရက်နေ့ ကတည်းက ပိတ်ဆို့ကာ ဗျူဟာကုန်းအနီးရှိ ရပ်ကွက် (၄) ခုတွင် မဲရုံများ ပြင်ဆင်ခဲ့သော်လည်း မြေပြင်တွင် မဲပေးမည့်သူမရှိဘဲ ဝန်ထမ်းအချို့သာ ပေးခဲ့ကြသည်ဟု ဆိုသည်။
ဖားကန့်မြို့ခံတစ်ဦးက မြေပြင်အခြေအနေကို “မဲရုံတွေကတော့ ဖွင့်ထားတာပဲ၊ ဒါပေမဲ့ တစ်မြို့လုံးက ဘယ်သူ မှလည်း မဲသွားမပေးဘူး၊ အိမ်ထဲမှာပဲ အောင်းနေကြတာ။ အပြင်မှာလည်း လက်နက်ကြီးသံတွေက လည်း ကြားနေရတာဆိုတော့ ဘယ်သူက သွားပေးရဲမှာလဲ။ ဝန်ထမ်းအချင်းချင်းပဲ ပေးနေတာ တွေ့ရတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲကျင်းပချိန်တွင် ဖားကန့်ဗျူဟာကုန်းနှင့် ရဲစခန်းဘက်မှ လက်နက်ကြီးများ တရစပ်ပစ်ခတ်ခဲ့သလို၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း မဲရုံများရှိရာဘက်သို့ ဒရုန်းဗုံးများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
မြေပြင်၌ ကူညီပေးနေသူတစ်ဦးက “လက်နက်ကြီးကျည်က မြို့ပေါ်ရပ်ကွက်တွေထဲ ကျတာ။ တောင်ပြိုရွာမှာ တစ်ယောက်၊ ဆိပ်မူမှာ နှစ်ယောက် ထိတယ်။ မြို့ပေါ်မှာလည်း ထိတာရှိတော့ အားလုံးပေါင်း ၅ ယောက်ထက် မနည်း ဒဏ်ရာရထားတယ်။ အဲဒီထဲက ၃ ယောက်ကတော့ တော်တော်စိုးရိမ်ရလို့ ခွဲစိတ်ခန်းဝင်နေရတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲကျင်းပနိုင်ရန် မြို့ပေါ်ရှိ လမ်းဆုံလမ်းခွများနှင့် အချက်အချာကျသော နေရာများတွင် လုံခြုံရေး အင်အား အလုံးအရင်းဖြင့် ချထားကာ စစ်ဆေးမှုများ တင်းကျပ်ထားသော်လည်း၊ မြေပြင်တွင် လက်နက်ကြီး သံများနှင့် တိုက်ပွဲများ ဆက်တိုက်ကြားနေရသည်ဟု ဆိုကြသည်။
ထို့ပြင် မြို့ခံများကမူ ၎င်းတို့၏ ဆန္ဒအစစ်အမှန်ကို ကိုယ်စားမပြုသည့် ဤရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ကင်းမဲ့နေကြသည်ကို တွေ့ရှိရသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
စစ်ကော်မရှင်ကမူ ဖားကန့်မြို့တွင် ပြည်သူများ အေးချမ်းတည်ငြိမ်စွာ မဲပေးခဲ့ကြသည်ဟု ထုတ်ပြန်ထားသော် လည်း၊ လက်တွေ့တွင် ဖားကန့်ပြည်သူများမှာ မဲမပေးဘဲ နေအိမ်များ၌သာ နေထိုင်ခြင်းဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။
ဖားကန့်မြို့နယ်အတွင်း စစ်ကောင်မရှင်၏ အပိုင်း (၃) ရွေးကောက်ပွဲ အတွက် မဲရုံပေါင်း (၁၉) ရုံကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီမှစတင်ကာ ဖွင့်လှစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်သည် ဖားကန့်မြို့ပေါ်ရှိ စုပေါင်းရုံး၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ငှက်ပျောတောကျောင်း တို့တွင် မဲရုံအမှတ် (၃၄) မှ (၄၉) အတွင်းရှိ မဲရုံများကိုလည်းကောင်း၊ ကာမိုင်းမြို့နှင့် လီဒိုလမ်းကြောရှိ ကျေးရွာ များဖြစ်သော ဒွန်ဘုန်းခ၊ လဝါး၊ ဒွန်ဘန်၊ မန်ပန်၊ နောင်းမြီ၊ ဝါရာဇွပ်၊ ရှဒူဇွပ်၊ ကောင်ရာနှင့် နန့်ယားကျေးရွာ အုပ်စုတို့တွင် မဲရုံအမှတ် (၁၅) မှ (၂၉) အထိ မဲရုံများကိုလည်းကောင်း စုစုပေါင်း (၁၉) ရုံ ဖွင့်လှစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပချိန်တွင် ဖားကန့်ဗျူဟာကုန်းနှင့် ရဲစခန်းအနီး တစ်ဝိုက်အပါအဝင် မဲရုံများ ပြင်ဆင်ထားရာ မြို့ပေါ်ရပ်ကွက်များအတွင်း လက်နက်ကြီးများ တရစပ်ပစ်ခတ်မှုနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် တောင်ပြို၊ ဆိပ်မူကျေးရွာတို့တွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှု ကြောင့် ဒေသခံ ၅ ဦးထက်မနည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။