ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မှော်လှည့် သပိတ်အပြီး လက်နက်ကြီးဖြင့် ပစ်သဖြင့် ၂ ဦး ဒဏ်ရာရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်။

ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆန္ဒပြ သပိတ် စစ်ကြောင်း ထွက်ပြီးနောက်၊ စစ်တပ်က လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ရာ အရပ်သား အမျိုးသားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ယနေ့ ဇွန်လ ၁၉ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် KIA ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာ၊ ရပ်ကွက် (၃) ရှိ အာရှအော်တိုကားဝပ်ရှော့တွင် စစ်တပ်၏ ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဝပ်ရှော့ဝန်ထမ်း အမျိုးသားနှစ်ဦး ထိမှန်ခဲ့ခြင်း ဖြစ် သည်။

အဆိုပါ လက်နက်ကြီးကျရောက်မှုကြောင့် ဝပ်ရှော့စက်ရုံ ပျက်စီးသွားသည့်အပြင် ထိခိုက်ဒဏ်ရာရသူ နှစ်ဦး အနက် တစ်ဦးမှာ ခါးတွင် ဗုံးစထိမှန်ကာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။

အမေစုမွေးနေ့အတွက် မှော်လှည့်သပိတ်လုပ်ပြီး မကြာခင်မှာပဲ ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီး လှမ်း ပစ်တာ။ ဝပ်ရှော့ထဲကျပြီး နှစ်ယောက် ထိသွားတယ်။ တစ်ယောက်ကတော့ ခါးကိုထိသွားတယ်။ တော်တော် ပြင်းပြင်းထန်ထန် ထိသွားတဲ့သဘောပဲ။ လောလောဆယ် ဆေးကုနေရပေမယ့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။

ဖားကန့်ဒေသတွင် ယနေ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ဆိုင်းတောင်ကျေးရွာအတွင်း စစ်အာဏာရှင်ဆန့် ကျင်ရေး ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးလွှတ်ပေးရန်နှင့် မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရန် မှော်လှည့်သပိတ်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ထိုသို့ ဆန္ဒပြနေသည့် သတင်းကြောင့် စစ်တပ်က လက်နက်ကြီးဖြင့် လှမ်းမျှော်ပစ်ခတ်ခြင်းဖြစ်ကြောင်း အခြား ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အစစ်အဆေးလား မထင်ရင်မထင်သလို စစ်နေတာပဲလေနော်။ ဒီနေ့က မြို့ထဲဘက်မှာတော့ စစ်တာတွေ ရှိတယ်လို့တော့ ပြောတယ်။ သူတို့က စစ်ရင် ကားတွေ၊ ဆိုင်ကယ်တွေ၊ ဖုန်းတွေကို အကုန်အစစ်တာပဲလေ။ သိပ်တော့ မထူးဆန်းပါဘူးဗျာ။ ဆိုင်းတောင် ဘက်ကျတော့ သူတို့ (စစ်တပ်) မြေပြင်ကနေ ဝင်စစ်လို့မရတော့ ဘူးလေ။ အဲ့ဒါကြောင့် သပိတ်လုပ်တာကို မကျေနပ်လို့ လူနေရပ်ကွက်ထဲကို လက်နက်ကြီး ရမ်းပစ်ထည့်တဲ့ သဘောပဲ။

စစ်တပ်က တပ်စွဲထားသည့် ဗျူဟာကုန်းမှ လှမ်းပစ်သည့် လက်နက်ကြီးကြောင့် သပိတ်စစ်ကြောင်းမှ ပြည်သူများ ထိခိုက်မှုမရှိသော်လည်း၊ အလုပ်လုပ်နေသည့် အရပ်သားများအပေါ် ကျရောက်ခဲ့ခြင်း ဖြစ်သည်။

ဖားကန့်မြို့နယ်အတွင်းရှိ လူနေရပ်ကွက်များထဲသို့ စစ်တပ်က ဒရုန်းဗုံးနှင့် လက်နက်ကြီးများ မကြာခဏ ရမ်း သမ်းပစ်ခတ်လေ့ရှိသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများနှင့် နေအိမ်ပျက်စီးမှုများ ဆက်တိုက် ရှိနေ ကြောင်း ဒေသခံများက ပြောသည်။