ဖားကန့်တွင် ၂ ရက်အတွင်း ဓားပြမှု ၄ ကြိမ်ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်။
ကချင်ပြည်၊ ဖားကန့်ကျောက်စိမ်းမြေတွင် ၂ ရက်တာကာလအတွင်း ဓားပြမှု ၄ ကြိမ်ထိ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်း ၈၀၀ ကျော် ဆုံးရှုံးခဲ့ရကာ အဆိုပါ ရာဇဝတ်မှုများကို စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ ပြည်သူ့ စစ်များက ကျူးလွန်နေခြင်းဖြစ်ကြောင်း ဒေသခံများက စွပ်စွဲပြောဆိုလိုက်သည်။
လက်ရှိတွင် ဖားကန့်မြို့နယ်ရှိ လုံးခင်း၊ မှော်စီ၊ နမ္မဖြစ် စသည့် နယ်မြေတစ်လျှောက်လုံး၌ ပြည်သူ့နေအိမ်များပါ မကျန် စစ်တပ်များကသာ အင်အားအပြည့်ဖြင့် နေရာယူထားခြင်း ဖြစ်သည်။
ထိုသို့ စစ်တပ်စစ်ကြောင်းများ ရှိနေသည့်ကြားမှ နေ့စဉ်ရက်ဆက် ဓားပြမှုများ ပေါ်ပေါ်ထင်ထင် ဖြစ်ပွားနေခြင်း ကြောင့် ၎င်းတို့လက်ချက်သာ ဖြစ်နိုင်သည်ဟု ဒေသခံများက စွပ်စွဲကြခြင်း ဖြစ်သည်။
ယနေ့ (မေ ၂၈ ရက်နေ့) နံနက် ၃ နာရီခန့်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက် (၃) ရှိ ဝက်သားဆိုင် ပိုင်ရှင် ဦးဂျိုးဇက်၏ နေအိမ်သို့ လက်နက်ကိုင်ဆောင်ထားသည့် အရပ်ဝတ်လူ ၅ ဦးခန့် ဝင်ရောက်စီးနင်းကာ ငွေကျပ် သိန်း ၁၂၀ ခန့်ကို ဓားပြတိုက်ယူဆောင်သွားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နီးစပ်သူတစ်ဦးက “လောလောဆယ် သိရသလောက်ကတော့ ပြောပြလာတဲ့ အနေအထား ဆိုလို့ရှိရင်တော့ အရပ်ဝတ်တွေနဲ့ဆိုတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဘက်တံဆိပ် ပါ/မပါတော့ မသိရသေးဘူး။ လက်နက်တွေ ပါတာလည်း ဟုတ်တယ်။ အနေအထားကတော့ လုံခင်းမှာ လောလောဆယ် ၁၀၉ တို့၊ ၁၁၀ တို့၊ ၂၁၁ တို့ အဲဒါတွေက စစ်ကောင်စီက နေရာယူထားတယ် ဆိုမှတော့ ကျန်တဲ့ လက်နက်ကိုင် တွေက အဲဒီနားတော့ ဝင်ပြီးတော့ မလှုပ်ရှားရဲဘူးလေ။ သဘောတရားကတော့ အဲလိုပဲ” ဟု ပြောသည်။
ထို့ပြင် ယမန်နေ့ နံနက် ၈ နာရီခန့်ကလည်း လုံးခင်းကျေးရွာ၊ ရွှေမော်တည်းခိုခန်းရှေ့တွင် ဇနီးမောင်နှံနှစ်ဦး မောင်းနှင်လာသည့် Crown အမျိုးအစား အိမ်စီးကားတစ်စီးကို ဝါရာဇွပ် ဘက်တံဆိပ်ပါ ပြည်သူ့စစ်အဖွဲ့က တားဆီးကာ ဓားပြတိုက်မှု ထပ်မံဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်အတွင်း ကားသမားများဘက်က တောင်းပန်တိုးလျှိုးကာ ဝိုင်းဝန်းညှိနှိုင်းခဲ့ရသဖြင့် ကားကို ချန်ထားခဲ့ပြီး ငွေကျပ် ၁၀ သိန်းနှင့် ဖုန်း ၂ လုံးဖြင့် ကိစ္စပြီးပြတ်ခဲ့ရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းဝင်တစ်ဦးက ဖြစ်စဉ်ကို ရှင်းပြသည်။
“Crown ကားနဲ့လာတဲ့ဟာကို ရွှေမော်၊ လောဓမ္မကျောင်းတိုက်ရှေ့ပေါ့၊ အဲဒီရှေ့ကနေပြီးတော့မှ တားပြီးတော့ ခေါ်သွားတယ်။ ဆေးရုံကုန်းဘက်ကို သူတို့ ကားမောင်းခိုင်းတာပေါ့နော်။ နောက်ခန်းကနေ တက်ထိုင်၊ နောက် ခန်း ကနေထိုင်ပြီး မောင်း ဆိုပြီးတော့ ဆေးရုံကုန်းဘက်မောင်းပြီးတော့ ကားထားတဲ့နေရာသွားတော့ အဲ့ဒါ တော့ မလုပ်ပါနဲ့ ပေါ့။ ဝေးကလည်း ဝေးတယ်လို့ အသနားခံကြတာပေါ့၊ အများကြီး အသနားခံကြတော့လည်း အဲ့ဒီမှာလည်း ပိုက်ဆံ ၁၀ သိန်း၊ ဖုန်းတစ်လုံး ပေးလိုက်ရတယ်။”
ထိုသို့ လမ်းပေါ်တွင် ဓားပြတိုက်ခံရသည့်အပြင် ယမန်နေ့ညပိုင်းကလည်း ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွ ာအုပ်စု၊ မော်ရှန်ဒေသရှိ လောပန်း မောင်ငယ်ဆိုသူ၏ နေအိမ်တွင် ဓားပြတိုက်ခံရမှု ထပ်မံဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၇၀၀ ကျော် ပါသွားခဲ့သည်ဟု ဆိုသည်။
ဖားကန့်ဒေသရှိ လုံးခင်းနှင့် မှော်စီကျေးရွာတို့တွင် စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် စစ်ယူနီဖောင်း ဝတ်ဖြင့် သာမက အရပ်ဝတ်များဖြင့်ပါ နေ့စဉ်နှင့်အမျှ သွားလာလှုပ်ရှားကာ ပြန်ပေးဆွဲမှုနှင့် ဓားပြမှုများကို လုပ်ဆောင်နေကြကြောင်း ဒေသခံများနှင့် ဖားကန့်ရှိ ရွှေ့ပြောင်းလုပ်သားများက ဆိုသည်။
စစ်တပ်အပြင် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့် ဦးဆောင်သည့် ဝါရာဇွပ်ပြည်သူ့စစ်နှင့် ရှမ်းနီတပ်မတော် (SNA) တို့ ပူးပေါင်းပါဝင်နေကြပြီး၊ လက်ရှိတွင် တရားဥပဒေစိုးမိုးမှု လုံးဝမရှိတော့ဘဲ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်မှာ အချိန်မရွေး လုယက်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။