အရှေ့အလယ်ပိုင်းစစ်မီးပိုမို ကျယ်ပြန့်လာ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်။ 

အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်း၍ အီရန်နိုင်ငံအပေါ် ထိုးစစ်ဆင်နွှဲခဲ့သည့် တတိယမြောက်နေ့တွင် စစ်မီးသည် အီရန်နယ်နိမိတ်ကို ကျော်လွန်၍ လက်ဘနွန်၊ ကူဝိတ်၊ ယူအေအီး၊ ကာတာနှင့် ဆော်ဒီအာရေဗျနိုင်ငံများအထိ ကူးစက်ပြန့်နှံ့လျက် ရှိပါသည်။ 

အစ္စရေး၏ လက်ဘနွန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရသည်။ 

အီရန်နိုင်ငံအတွင်း၌လည်း မူလတန်းကျောင်းသူငယ်လေးများ အပါအဝင် အရပ်သား ၅၅၅ ဦး ထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါသည်။ 

အီရန်၏ အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမေနီ လုပ်ကြံခံရမှုမှာလည်း အတည်ဖြစ်သွားခဲ့ပြီး လက်ရှိတွင် သမ္မတအပါအဝင် သုံးဦးပါဝင်သော ကောင်စီက နိုင်ငံကို ယာယီဦးဆောင်လျက် ရှိသည်။

အမေရိကန်သမ္မတ ထရမ့်က ဤစစ်ပွဲသည် လေးပတ်ခန့် ကြာမြင့်နိုင်ကြောင်း ခန့်မှန်းထားသော်လည်း အမေရိကန်စစ်သည်များ ကျဆုံးမှုနှင့် လေယာဉ်ပျက်ကျမှုများ ရှိနေခြင်းကြောင့် တင်းမာမှုများ လျော့ပါးမည့်လက္ခဏာ မရှိသေးပေ။ အမေရိကန် စစ်သည် အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။ 

စစ်ပွဲ၏ နောက်ဆက်တွဲအဖြစ် ကမ္ဘာ့ရေနံဈေးနှုန်း ၉ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်း ၄၈ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့သည်။  

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရနိုင်သည့် ခြိမ်းခြောက်မှုကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကို ရိုက်ခတ်မှု ကြီးမာနေသည်။

ဒေသတွင်း တိုက်ခိုက်မှုများနှင့် လေဆိပ်များကို ပစ်မှတ်ထး တိုက်ခိုက်မှုများကြောင့် လေကြောင်းခရီးစဉ်များ အကြီးအကျယ် ရပ်တန့်နှောင့်နှေးလျက် ရှိသည်။