အမေရိကန်တိုက်လာလျှင်ဒေသတွင်းစစ်ပွဲ ဖြစ်မည်ဟု အီရန်ခြိမ်းခြောက် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်။ 

အမေရိကန်နှင့် အီရန်တို့ကြား ကြားခံနိုင်ငံများမှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အီရန်အဓိပတိခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက အမေရိကန်၏ တိုက်ခိုက်မှုတိုင်းသည် ဒေသတွင်းစစ်ပွဲ (Regional War) အဖြစ်သို့ ကူးစက်သွားမည်ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးခဲ့သည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ အီရန်နှင့် ဆွေးနွေးနေကြောင်းကို အတည်ပြုခဲ့ပြီး အီရန်အနေဖြင့် နျူကလီးယားစီမံကိန်း ရပ်တန့်ရန်နှင့် ဆန္ဒပြသူများကို သတ်ဖြတ်နေမှု ရပ်တန့်ရန် အချက်နှစ်ချက်ကို တောင်းဆိုထားသည်။

လက်ရှိတွင် ကမ္ဘာ့ရေနံတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား၌ တင်းမာမှုများ မြင့်တက်နေသည်။ 

အီရန်က စစ်ရေးလေ့ကျင့်ရန် ပြင်ဆင်နေသကဲ့သို့ အမေရိကန်ကလည်း USS Abraham Lincoln လေယာဉ်တင်သင်္ဘောကို စေလွှတ်ထားသည်။ 

တစ်ချိန်တည်းမှာပင် အီရန်ပြည်တွင်း၌ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှုကြောင့် သေဆုံးသူ ၆,၃၀၀ ကျော်မှ ၃၀,၀၀၀ ခန့်အထိ ရှိနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းထားသည်။ 

အီရန် ခေါင်းဆောင် အယာတိုလာ ခါမေနီကမူ ယင်းဆန္ဒပြမှုများကို အာဏာသိမ်းရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်လျက်ရှိသည်။