ရုရှားအပေါ် ရေနံနှင့် ပတ်သက်သည့် ပိတ်ဆို့မှု ရက် ၃၀ လျော့ပေါ့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်။ 

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးကွက် မတည်ငြိမ်မှုကို ထိန်းချုပ်ရန်အတွက် အမေရိကန်အစိုးရသည် ရုရှားရေနံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုအချို့ကို ရက်ပေါင်း ၃၀ ကြာ ယာယီဖြေလျှော့ပေးလိုက်သည်။ 

ပင်လယ်ပြင်အတွင်း ရောက်ရှိနေသည့် ရုရှားရေနံနှင့် ရေနံထွက်ပစ္စည်းများကို နိုင်ငံတကာမှ ဝယ်ယူခွင့်ပြုရန်အတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီလ ၁၁ ရက်နေ့အထိ အကျုံးဝင်မည့် ယာယီကင်းလွတ်ခွင့် (Waiver) ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အီရန်စစ်ပွဲကြောင့် အရေးပါသည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့ခံထားရသဖြင့် ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုကို လျှော့ချနိုင်ရန် ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်သည်။ 

ထို့အပြင် ရေနံဈေးနှုန်း ထိန်းညှိရန်အတွက် အမေရိကန်၏ အရန်ရေနံသိုလှောင်မှုမှ ရေနံစည်ပေါင်း ၁၇၂ သန်းကိုလည်း ထုတ်သုံးသွားမည်ဟု ကြေညာထားသည်။ 

အမေရိကန်၏ ယခုလုပ်ဆောင်ချက်သည် ယူကရိန်းစစ်ပွဲကြောင့် ရုရှားအပေါ် ချမှတ်ထားသည့် မူဝါဒများနှင့် ဆန့်ကျင်နေသဖြင့် ဥရောပသမဂ္ဂ (EU) ဘက်က ကန့်ကွက်ထားပြီး ရုရှားအပေါ် ပိတ်ဆို့မှုများကို မလျှော့ချသင့်ကြောင်း တုံ့ပြန်ထားသည်။