ဗန်းမော်-ရွှေကူအကြား မြစ်ကြောင်းရှိ ရွှေဖောင်များကို စစ်ကော်မရှင်ဗုံးကြဲရာ အရပ်သား အချို့ သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်။
ကချင်ပြည်၊ ဗန်းမော်မြို့နယ်နှင့် ရွှေကူမြို့နယ်ကြားရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်နေသည့် ရွှေဖောင်များကို စစ်ကော်မရှင်တပ်က ဂျက်လေယာဉ်များဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွှေလုပ်သား အချို့ ထိခိုက်သေဆုံးခဲ့သည်။
အဆိုပါ ဖြစ်စဉ်မှာ မတ်လ ၁၀ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဗန်းမော်မြို့နယ် စင်းခန်းတံတားအထက်ဘက်ရှိ နန့်ခုတ်၊ ဘိုတောင်းနှင့် မြလယ်ကျေးရွာများအနီး မြစ်ကြောင်း တစ်လျှောက်တွင် ရွှေတူးဖော်နေသည့် ရွှေဖောင်များကို တံတားဦးလေတပ်မှ တက်လာသည့် ဂျက်လေယာဉ် ၃ စင်းက လိုက်လံ ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေဖောင်များနှင့်အတူ ဆီပေပါများပါ မီးလောင်ပေါက်ကွဲခဲ့ပြီး မြစ်အတွင်းရှိ ရွှေဖောင်အစီးရေများစွာ မီးဟုန်းဟုန်းတောက်လောင် ပျက်စီးခဲ့ရသည်။
ဖြစ်စဉ်ကို သိသူ တစ်ဆင့်ခံသတင်းရင်းမြစ် တစ်ဦးက “ကျနော်တို့ ရတဲ့သတင်း အချက်အလက်ကတော့ ၁၀ ရက်နေ့ ညနေမှာ တိုက်လေယာဉ်တွေနဲ့ လာပြီး ဗုံးကြဲသွားတာ။ မျှောဖောင်စက်လှေတွေ မီးလောင်ကုန်ပြီး စက်လှေပေါ်က လူတွေလည်း သေတာတွေများတယ်။ အတိအကျ လူသေစာရင်း မရဘူး။ ပထမအခေါက်မှာ တင် ၃ ယောက်လောက် သေတယ်။ ၈ ယောက်ဒဏ်ရာ ရတယ်။ နောက်ပိုင်းထပ်လာကြဲတာက အခုထိ အချက် အလက် မရဘူးဗျ” ဟု ပြောသည်။
လက်ရှိတွင် သေဆုံးသူ အရေအတွက်ကို အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သော်လည်း မြေပြင်သတင်းရင်းမြစ် အချို့၏ အဆိုအရ အနည်းဆုံး ရွှေလုပ်သား ၃၀ ခန့် ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ဆိုကြသည်။
ရုပ်အလောင်းများမှာ မီးလောင်ကျွမ်းသွားခြင်းနှင့် ရေထဲမျောပါသွားခြင်းတို့လည်း ရှိနေသည်ဟု တစ်ဆင့်ခံ သတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း “နန့်ခုတ်ရွာနဲ့ ဘိုတောင်းရွာကြားမှာ မတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီနဲ့ ၄ နာရီ ဝန်းကျင် လောက်မှာ ဗုံးကြဲတာရှိပါတယ်။ အဲ့ဒီဗုံးကြဲတာက ရွှေတူးဖော်တဲ့နေရာမှာ ကျတာ။ အဲ့ဒီက ရွှေဖောင်တွေ ပျက် စီးသွားတယ်။ သူတို့ရဲ့ ဆီပုံးတွေပေါ့ ဆီပေပါတွေ အကုန်လုံး မီးလောင် ပျက်စီးသွားတယ်။ နောက်ပြည်သူ လူထု ၈ ယောက်အဲ့မှာ ထိခိုက်ဒဏ်ရာ ရပြီးမှ ၂ ယောက်ကတော့ သေဆုံးသွားတယ်” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားမှု မရှိသည့်အပြင် စစ်ကော်မရှင်စခန်းများလည်း မရှိသလို အဆိုပါနေရာမှာ အရပ်သားများသည် ရွှေတူးဖော်နေသည့် နေရာ ဖြစ်သည်ဟု ဆိုသည်။
ဗန်းမော်မြို့နယ် စင်းခန်းတံတားအထက်ဘက်ရှိ နန့်ခုတ်၊ ဘိုတောင်းနှင့် မြလယ်ကျေးရွာများအနီး မြစ်ကြောင်း တစ်လျှောက်တွင် ရွှေတူးဖော်နေသည့် ရွှေဖောင်များကို ညနေ ၄ နာရီခန့်တွင်တစ်ကြိမ်၊ ညနေပိုင်း ၅ နာရီနှင့် ၆ နာရီကြားတွင် တစ်ကြိမ် လေကြောင်းမှ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးနော်ဘူက “နောက် ညနေပိုင်း ၅ နာရီနဲ့ ၅ နာရီကြားမှာလည်း စင်းခန်းအထက်ပေါ့ အဲ့မှာလည်း Y12 နဲ့ ထပ်ပြီး ဗုံးကြဲတာပေါ့နော်။ ဗုံး ၅ လုံးနဲ့ ကြဲတယ်တဲ့။ အဲ့မှာ သေဆုံးတဲ့ဟာတွေတော့ မသိရသေးပါဘူး။ အဲ့မှာက တိုက်ပွဲလည်း မဖြစ်ဘူး။ တိုက်ပွဲ ဖြစ်စရာအကြောင်းလည်း မရှိဘူး။ သူတို့ စစ်ကော်မရှင်တပ်လည်း မရှိဘူး။ စခန်းတွေလည်း အနီးအနားမှာလည်း မရှိဘူး။ KIO/KIA ကို နာမည်တပ်ပြီးမှ ဘာမှမဆိုင်တဲ့ ပြည်သူ လူထုကို ဗုံးကြဲတယ်ဆိုတာကတော့ စစ်ရာဇဝတ်မှုပေါ့နော် မြောက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်” ဟု ဆက် ပြော သည်။
အဆိုပါ ရွှေတူးဖော်ရေးလုပ်ကွက်များမှာ KIA တပ်မဟာ ၁၁ နယ်မြေအတွင်း တည်ရှိပြီး၊ စစ်ကော်မရှင်က KIA ၏ ဝင်ငွေရလမ်းကို ဖြတ်တောက်ရန် ရည်ရွယ်ချက်ရှိရှိ အရပ်သားပစ်မှတ်ကို တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ဗန်းမော်မြို့နယ်ရှိ နာရေးဆုတောင်းပွဲတစ်ခုကို လေကြောင်း မှ ဗုံးကြဲခဲ့ရာ ပြည်သူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ဖူးသည်။
လက်ရှိတွင်လည်း နိုင်ငံတစ်ဝန်း စစ်ရေးအရ အထိနာနေသည့် စစ်ကော်မရှင်တပ်သည် အရပ်သားများရှိရာ နေရာများကို လေကြောင်းမှတစ်ဆင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဆက်တိုက်လုပ်ဆောင်နေခြင်း ကြောင့် ဒေသခံပြည်သူများမှာ အသက်ဘေးအတွက် စိုးရိမ် ထိတ်လန့်နေကြရသည်။