စစ်သင်္ဘောအချို့ ဖျက်ဆီးခံရပြီးနောက် ဗန်းမော်နှင့် ရွှေကူတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်။
ကချင်ပြည်၊ ရွှေကူနှင့် ဗန်းမော်မြို့နယ်အတွင်း သို့ စစ်တပ်က စစ်အင်အားဖြည့်တင်းမှုများနှင့် မြေပြင်ထိုးစစ်များ ပြုလုပ်လာသောကြောင့် နှစ်ဖက်စစ်ရေးတင်းမာကာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ပြောသည်။
စစ်တပ်သည် ရွှေကူနှင့် ဗန်းမော်မြို့နယ်များသို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ရေလမ်းမှတစ်ဆင့် လူသူ၊ လက် နက်၊ ခဲယမ်းမီးကျောက်နှင့် ရိက္ခာများကို ထောက်ပံ့ပို့ဆောင်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များကိုပါ အရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်။
KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “ကချင်ပြည်နယ်တစ်ခုလုံးရဲ့ အခြေအနေကို ကြည့်မယ် ဆိုရင်တော့ ရွှေကူ၊ ဗန်းမော် အဲဒီရေကြောင်းတစ်ကြောမှာတော့ တိုက်ပွဲတွေ ရှိပါတယ်။ မြေပြင်တိုက်ပွဲရော နောက် လေကြောင်းနဲ့ပစ်တဲ့ တိုက်ပွဲတွေရှိပါတယ်။ ကချင်ပြည်နယ်မှာတော့ အခုလောလောဆယ် အဲဒီနေရာမှာ ပိုပြီးမှ ပြင်းထန်တဲ့ တိုက်ပွဲတွေရှိပါတယ်။ မြေပြင်တိုက်ပွဲကတော့ ဇင်းဘုံ၊ စင်းခန်းဖက်မှာ ခဏခဏ ရှိပါတယ်။ ဇင်းဘုံဆိုတဲ့ နေရာမှာ မြေပြင်တိုက်ပွဲ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေ ရှိပါတယ်။ ခုနပြောတဲ့ ရွှေကူ၊ ဗန်းမော်ဖက်မှာ စစ်ရေးတင်းမာတဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။
ရေကြောင်းမှတစ်ဆင့် ဗန်းမော်မြို့သို့ တက်လာသည့် စစ်တပ်၏ စစ်သင်္ဘောနှင့် ကုန်တင်သင်္ဘောအချို့ကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
သင်္ဘောများ တိုက်ခိုက်ခံရမှု အခြေအနေနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “ပထမအသုတ် ၁၄ စီးလို့ ပြောတာပေါ့နော်။ ခြောက်စီး၊ ခုနှစ်စီးကတော့ ဗန်းမော်ဖက်မှာ ပြန်ဝင်တာ။ ကျန်တဲ့ဟာကတော့ လမ်းမှာ ပျောက်သွားတာ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံပြီးမှ မီးလောင်တာတွေ ရေနစ်သွားတာတွေ ရှိပါ တယ်။ နောက်ဒုတိယအသုတ်ကတော့ သုံးစီးလို့ ပြောတယ်။ ငါးစီးလို့လည်း ပြောတယ်။ အဲဒါကတော့ ရွှေကူ ရောက်တယ်။ ရွှေကူမှာ ပစ္စည်းတင်တဲ့ သင်္ဘောတစ်စီးကို ပစ်ခတ်ခံလို့ မီးလောင်သွားတယ်။ အဲဒါကို သွား ကယ်ဖို့ မနေ့က ဗန်းမော်ဖက်မှာ ရောက်လာတဲ့ သင်္ဘောတွေ ပြန်ပြီးမှ ဆင်းတယ်။ စုန်ဆင်းပြီးမှ သွားကြိုဖို့၊ သွားကယ်ဖို့ ၄ စီးရှိပါတယ်။ အဲဒါကို လမ်းမှာ တိုက်ခိုက်ပြီးမှ မီးလောင်တာတွေ ရေထဲမှာ မြုပ်သွားတာတွေ ဆိုတော့ ၄ စီးက ပျောက်သွားတာ ဖြစ်ပါတယ်” ဟု ဆက် ပြောသည်။
မိုးတွင်းကာလတွင် အခြားထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများကို အသုံးပြုရန် ခက်ခဲသောကြောင့် စစ်တပ် အနေဖြင့် ရေလမ်းကြောင်းတစ်ခုတည်းကိုသာ အဓိကထား၍ အင်အားဖြည့်တင်းနေခြင်း ဖြစ်သည်။
ထို့ပြင် ဗန်းမော်မြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်အင်အားဖြည့်တင်းမှုများနှင့်အတူ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြေပြင်ထိုးစစ်ဆင်ခြင်းများကို ပြင်းပြင်းထန်ထန် ပြုလုပ်လျက်ရှိသည်။
လက်ရှိတွင် ကချင်ပြည် အတွင်းရှိ ဗန်းမော်၊ ရွှေကူနှင့် ဝိုင်းမော်မြို့နယ်တို့၌ စစ်ရေးတင်းမာမှုများ ဆက်လက်ရှိ နေသော်လည်း ယခင်က တိုက်ပွဲပြင်းထန်ခဲ့သည့် ဖားကန့်၊ ပူတာအိုနှင့် ခေါင်လန်ဖူး စသည့် ဒေသများတွင်မူ တိုက်ပွဲများ ငြိမ်သက်နေကြောင်း KIO/KIA က ပြောသည်။