ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် SCEF မူအတိုင်းသာ သွားမည်ဟုဆို

သတင်းနှင့်မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင် ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် စစ်အုပ်စု၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် ချည်းကပ်မှု များကို လက်မခံဘဲ SCEF ၏ နိုင်ငံရေး ဦးတည်ချက်အတိုင်း ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း ပြောသည်။

SCEF အဖွဲ့ဝင်ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF/CNA) ကို စစ်အုပ်စုက ကြားလူတစ်ဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ချည်းကပ်မှုများ ရှိခဲ့သော်လည်း အဆိုပါ ကမ်းလှမ်းမှုကို လက်မခံဘဲ ပယ်ချခဲ့ကြောင်း ဆိုသည်။

ချင်းပြည် ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ရွှေခါးရ် က အိုင်လ် ဇောထိ လူလွတ်ပြီးတော့ Third Party သက်ဆိုင်ရာကနေတစ်ဆင့် ချည်းကပ်တာမျိုးတော့ ရှိတယ်။ အဲဒီ အချိန်တုန်းကတော့ ကံကောင်းစွာနဲ့ပဲ ဒီ CB နဲ့ CC နဲ့ အစည်းအဝေးလည်း ရှိနေတော့ အဲဒီမှာကတော့ ကျနော် တို့ ထုတ်ပြန်တာ တစ်ခုရှိတယ်။ ကျနော်တို့ CB နဲ့ CC ပူးပေါင်းဆောင်ရွက်မှု အရင်လုပ်ပြီးတော့မှပဲ ဒီကိစ္စတွေ ကိုတော့ ကျနော်တို့ Respond လုပ်ပါမယ်ဆိုပြီးတော့ သူတို့ တုန့်ပြန်တာ ကျနော် တို့ ကြားသိရတယ် ဟု ပြောသည်။

၎င်းက ဆက်လက်၍ အခု မင်းအောင်လှိုင် ငြိမ်းချမ်းရေး ခေါ်နေတဲ့ဟာက ငြိမ်းချမ်းရေးမှ မဟုတ်တာ တကယ့် ငြိမ်းချမ်းရေး ခေါ်ချင်ရင်တော့ တကယ့် ငြိမ်းချမ်းရေးယူချင်ရင်တော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ Inclusive နဲ့ ခေါ်သင့်တာ EAOs ပဲ ခေါ်ပြီးတော့ ကျန်တဲ့ လူကို မခေါ်ဘူးဆိုတဲ့ ပုံစံမျိုးက မဖြစ်သင့်ဘူးလေ။ ဆိုတော့ အဲဒါကြောင့် SCEF ရဲ့ option ကိုပဲ ကျနော်တို့ဖက်ကတော့ ခိုင်ခိုင်မာမာ ရပ်တည်ပေးတယ်ဆိုတဲ့ ဟာကို ကျနော်တို့ ပြောချင်ပါတယ် ဟု ဆက် ပြောသည်။

အဆိုပါ ပြောဆိုချက်ကို ဩဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ျင်းပြည်သူတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးပြီး နှစ်နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာ သတင်းရှင်းလင်းပွဲတွင် ဒေါက်တာ ရွှေခါးရ် က ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် SCEF အဖွဲ့ဝင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) သို့လည်း စစ်အုပ်စုက စက်တင်ဘာလ ၄ ရက်နေ့ တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ကြားခဲ့သည်ဟူသော သတင်းများနှင့် ပတ်သက်၍ KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ကျနော်ဖြေ ဖူးပါတယ်။ ကျနော်ခင်ဗျားကိုလည်း ဖြေဖူးပါ တယ်။ အခုထက်ထိလည်း ကျနော် မကြားသိရပါဘူး ဟု ပြောသည်။

စစ်အုပ်စု၏ သွေးခွဲဆွေးနွေးမည့် နည်းဗျူဟာအတိုင်း တစ်ဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာပါက လက်ခံမည် မဟုတ်သော်လည်း ပဋိပက္ခတွင် ပါဝင်သက်ဆိုင်သူ အားလုံးပါဝင်သည့် တကယ့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပါက ပူးပေါင်းပါဝင်ရန် အသင့်ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူ က သတင်းနှင့် မီဒီယာ ကွန်ရက် (NMG) သို့ အတည်ပြုခဲ့ဖူးသည်။

ဗိုလ်မှူးကြီးနော်ဘူက ကျနော်တို့ KIO ရဲ့ ဆွေးနွေးရေးနဲ့ ပတ်သက်လို့ တကယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေ အနေတွေကို ပြောင်းလဲနိုင်တဲ့ ဆွေးနွေးပွဲ ဖြစ်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ပါဝင်ဖို့ အမြဲတမ်း အဆင်သင့် ဖြစ်ပါတယ်။ အားလုံးပါဝင်ပြီးမှ မြန်မာနိုင်ငံတစ်ခုလုံးရဲ့ နိုင်ငံရေး အခြေအနေ ရှင်းလင်းတဲ့ နိုင်ငံရေး ဆွေးနွေး ပွဲဆိုလို့ရှိရင် တော့ ကျနော်တို့ လက်ခံတယ်လို့ ပြောလိုတာပါ ဟု ပြောသည်။

အလားတူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အနေဖြင့်လည်း စစ်တပ်ကို နိုင်ငံရေးတွင် ပါဝင်ခွင့်ပြု ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA ကို အခြေခံသည့် မည်သည့် တွေ့ဆုံဆွေးနွေးမှုကိုမျှ လက်ခံ မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း စစ်အုပ်စု၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများကို လက်ခံမည်မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် NUG၊ CRPH နှင့် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသည့် KIO/KIA၊ KNU၊ CNF/CNA၊ KNPP/KA တို့ ပူးပေါင်း၍ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များ ကို ဦးဆောင်လမ်းညွှန်ရန် SCEF ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

SCEF ၏ ဦးတည်ချက် ၆ ရပ်တွင် စစ်အာဏာသိမ်းမှုကို ဖယ်ရှားရန်၊ စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေမှုကို အပြီးတိုင် အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်များ အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သား အစိုးရ အုပ်ချုပ်မှုအောက်တွင် ထားရှိရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန် စသည့် အချက်များ ပါဝင်သည်။

ထို့ပြင် ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲကာ ပြည်ထောင်စုသစ် တည်ဆောက်ရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်း ပြဋ္ဌာန်းထား သည်။

ဓါတ်ပုံ – SCEF (ပုံဟောင်း)