အမိန့်တစ်ခု၊ မူတစ်ခု၊ မဟာဗျူဟာ တစ်ခု အောက်တွင် စစ်အောင်နိုင်ရေး အရှိန်မြှင့်မည်ဟု SCEF ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ၊ဧပြီလ ၁၂ ရက်။
တော်လှန်ရေး အင်အားစုများအကြား ‘တစ်ခုတည်းသောကွပ်ကဲမှု’ (One Command) အောက်တွင် စစ်ရေး ဗျူဟာများကို ပေါင်းစပ်ညှိနှိုင်း၍ စစ်အောင်နိုင်ရေးအတွက် အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဟု ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က ပြောသည်။
ဧပြီလ ၁၁ ရက်နေ့ ညပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် SCEF တာဝန်ရှိသူများက ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဦးဆောင်ကောင်စီကို အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KIO၊ KNU၊ CNF နှင့် KNPP တို့ အပါအဝင် ကရင်နီအင်အားစုများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့ ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။
စစ်ရေးဗျူဟာများနှင့် ပတ်သက်၍ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီက “စစ်ရေးမဟာဗျူဟာ ပူးပေါင်းညှိနှိုင်းကွပ်ကဲရေး ကော်မတီ ဆိုတဲ့ဟာ ကျနော်တို့ ဖွဲ့ထားတာ ရှိပါတယ်။ အဲ့ဒီကနေမှတစ်ဆင့် ကျနော် တို့ အခုဒေသတွင်းမှာရှိတဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ မဟာဗျူဟာ စစ်ရေးအရ ကွဲပြားတဲ့ဟာတွေကို ကျနော်တို့ ချိန်ညှိပြီးတော့မှ One Command, One Policy, One Strategy အောက်မှာ သွားနိုင်ဖို့ စစ်ရေးကို အဲ့ဒီလို လုပ်ထားပါတယ်” ဟု ပြောသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ပဒိုစောတာဒိုမှူးကလည်း စစ်ရေးပိုင်းတွင် ဒေသအခြေခံ၍ နယ်မြေ ချင်း ချိတ်ဆက်ကာ တာဝန်ခွဲဝေယူသည့် စနစ်ကျသော အမိန့်ပေးကွပ်ကဲမှုဖြင့် စစ်ရေးရည်မှန်းချက်ကို ပိုမို အားဖြည့်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုသည်။
စစ်ရေးအပြင် နိုင်ငံရေးအရ အသွင်ကူးပြောင်းမှု ကာလအတွက် ပြင်ဆင်မှုများနှင့် ပတ်သက်၍ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ယခုကဲ့သို့ ပြောသည်။
“SCEF စုဖွဲ့မှုအနေနဲ့ အဓိကအခန်းကဏ္ဍ ၂ ရပ်ရှိပါတယ်။ စစ်အောင်နိုင်ရေးနဲ့ အသွင်ကူးပြောင်းမှုကို ချော ချောမွေ့မွေ့ ကူးပြောင်းနိုင်ရေးအတွက် လက်တွေ့ကျကျနဲ့ စစ်ရေး၊ နိုင်ငံရေးကို အကောင်အထည်ဖော်မှာပါ။ SCEF ဟာ Governing Body (အုပ်ချုပ်မှုဆိုင်ရာအဖွဲ့) လိုမျိုး ဖြစ်ပါတယ်။”
လက်ရှိတွင် SCEF သည် ရက်ပေါင်း ၆၀ အတွင်း ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သတ်မှတ်ထား ပြီး ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အတည်ပြုပြောဆိုသည်။
သို့သော်လည်း ရှမ်းပြည်မြောက်ပိုင်းနှင့် အခြားနယ်စပ်ဒေသရှိ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အချို့ အဖွဲ့ဝင်အဖြစ် မပါဝင်လာနိုင်သေးသည့် အပေါ် ဦးအောင်ဆန်းမြင့်က ပထဝီနိုင်ငံရေးနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဖိအားပေးမှုစိန်ခေါ်မှုများကို ထည့်သွင်းရှင်းပြခဲ့သည်။
၎င်းက “ကျနော်တို့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေဟာ များသောအားဖြင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်တွေနဲ့ ထိတွေ့ ဆက်ဆံနေရတာတွေ အများကြီးရှိပါတယ်။ တချို့ အဖွဲ့အစည်းတွေက တခြား အိမ်နီးချင်းနိုင်ငံရဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေနဲ့ မလွန်ဆန်နိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ကြားထဲမှာကတော့ စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အမြဲ ထိတွေ့ ချိတ်ဆက်နေတာ ရှိပါတယ်” ဟု ရှင်းလင်းပြောကြားသည်။
ထို့ကြောင့် လက်ရှိတွင် အဆိုပါအဖွဲ့များသည် SCEF ၏ အဖွဲ့ဝင် (Member) အဖြစ် တရားဝင် မပါဝင်နိုင်သေး သော်လည်း၊ မဟာမိတ် (Alliance) လမ်းကြောင်းမှ တစ်ဆင့် စစ်ရေး၊ နိုင်ငံရေးအရ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် အနေအထားတွင် ရှိနေကြောင်း ဆိုသည်။
SCEF အနေဖြင့် ရှေ့ဆက်၍ အမျိုးသမီး ကိုယ်စားပြုမှုများ အပြင် အခြားသော တော်လှန်ရေးအင်အားစုများ ပါဝင်လာရေး အတွက် ဆက်လက်ညှိနှိုင်းသွားရန် ရှိနေပြီး၊ တော်လှန်ရေး အရှိန်အဟုန် မြှင့်တင်နိုင်မည့် နိုင်ငံရေး အခင်းအကျင်းသစ် တစ်ခုကို ဆက်လက် ဖော်ဆောင်သွားမည်ဟု ပြောသည်။