ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ရန် ဒေါ်နယ် ထရမ့်အမိန့်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် ရေတပ်အနေဖြင့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ချက်ချင်း စတင်ပိတ်ဆို့သွားမည်ဟု ဖြစ်ကြောင်း ဧပြီလ ၁၂ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ထို့ပြင် အီရန်နိုင်ငံသို့ ဖြတ်သန်းခ ပေးဆောင်သည့် မည်သည့်သင်္ဘောကိုမဆို နိုင်ငံတကာ ရေပိုင်နက်အတွင်း တားဆီးစစ်ဆေးသွားမည်ဟုလည်း ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းဌာနကို ကိုးကား၍ ဘန်ကောက် ပို့စ် သတင်းစာက ဖော်ပြသည်။
အမေရိကန်နှင့် အီရန်တို့အကြား ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ သဘောတူညီမှုမရဘဲ ပြီးဆုံးသွားပြီးနောက် ထရမ့်က ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် အချက်အလက်အတော်များများ သဘောတူညီမှု ရခဲ့သော်လည်း အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍မူ ပြေလည်မှု မရရှိခဲ့ပေ။
ဟော်မုဇ် ရေလက်ကြားအတွင်း အဝင်/အထွက် ပြုလုပ်မည့် မည်သည့်သင်္ဘောကိုမဆို အမေရိကန် ရေတပ်က ပိတ်ဆို့တားဆီးသွားမည်ဖြစ်သည်။
အီရန်နိုင်ငံက ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘောများထံမှ ဖြတ်သန်းခ ကောက်ခံနေခြင်းကို ထရမ့်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။
တရားမဝင် ဖြတ်သန်းခ ပေးဆောင်တဲ့ ဘယ်သူ့ကိုမှ ပင်လယ်ပြင်မှာ ဘေးကင်းစွာ သွားလာခွင့်ပေးမှာ မဟုတ်ဘူးဟု သမ္မတ ထရမ့်က ပြောထားသည်။
ဤကျေညာချက် မတိုင်မီက ဟော်မုဇ် ရေလက်ကြားကို ရေနံတင်သင်္ဘောကြီး သုံးစီး ဖြတ်သန်းသွားခဲ့ပြီး ဖြစ်သည်။
ဆော်ဒီနှင့် ယူအေအီးမှ ရေနံများတင်ဆောင်ထားပြီး မလေးရှားနိုင်ငံ၊ မလက္ကာဆိပ်ကမ်းသို့ ဧပြီ ၂၁ တွင် ဆိုက်ကပ်ရန် မျှော်မှန်းထားသည့် လိုက်ဘေးရီးယားအလံတင်ထားသည့် Serifos သင်္ဘော၊ အီရတ်ရေနံများ တင်ဆောင်ထားပြီး တရုတ်နိုင်ငံ၊ ကျိုးရှန်း (Zhoushan) ဆိပ်ကမ်းသို့ မေလ ၁ ရက်တွင် ရောက်ရှိမည့် တရုတ်အလံတင် Cospearl Lake သင်္ဘောနှင့် ဆော်ဒီရေနံများ တင်ဆောင်ထားသည့် တရုတ်အလံတငါ He Rong Hai သင်္ဘောတို့သည် သမ္မတ ထရမ့်က ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ရန် အမိန့်မပေးမီ ဖြတ်သန်းသွားခဲ့ခြင်း ဖြစ်သည်။