ဥရောပတွင် လေယာဉ်ဆီ ၆ ပတ်စာသာကျန်တော့သည်ဟု IEA ဆို 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်။ 

နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲက ဥရောပတွင် ဂျက်လေယာဉ်ဆီ လက်ကျန်မှာ “၆ ပတ်ခန့်သာ” ရှိတော့ကြောင်း သတိပေးလိုက်သည်။ 

အီရန်စစ်ပွဲကြောင့် ရေနံတင်ပို့မှုလမ်းကြောင်းများ ပိတ်ဆို့နေဆဲဖြစ်ပါက လေကြောင်းခရီးစဉ်များ မကြာမီ ဖျက်သိမ်းရတော့မည့်အခြေအနေကို IEA ညွှန်ကြားရေးမှူးချုပ် Fatih Birol က AP သတင်းဌာနသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

မစ္စတာ Birol က ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများ ရပ်တန့်သွားခြင်းမှာ ရင်ဆိုင်ခဲ့ဘူးသမျှ စွမ်းအင် အကျပ်အတည်းများတွင် အကြီးမားဆုံး ဖြစ်သည်ဟု ဆိုသည်။ 

ဤအခြေအနေ ကြာရှည်လေလေ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှင့် ငွေဖောင်းပွမှုနှုန်းအပေါ် ဆိုးကျိုးများလေလေ ဖြစ်မည်ဟု သတိပေးထားသည်။

ဤ အကျပ်အတည်းကြောင့် ဓာတ်ဆီ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်စျေးနှုန်းများ အဆမတန် မြင့်တက်လာမည်ဟု သတိပေးထားသည်။ 

အရှေ့အလယ်ပိုင်းမှ စွမ်းအင်ကို အဓိကအားထားနေရသည့် ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှာ အဆိုးရွားဆုံး စတင်ခံစားရမည်ဖြစ်သည်။

ဥရောပနှင့် အမေရိက: ထို့နောက်တွင် ဥရောပနှင့် အမေရိကတိုက်နိုင်ငံများသို့ ရိုက်ခတ်မှုများ ရောက်ရှိလာမည် ဖြစ်သည်။

ဟော်မုဇ် ရေလက်ကြား ပြန်မဖွင့်နိုင်ပါက ဥရောပမြို့ကြီးများအကြား ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်အချို့မှာ လောင်စာဆီပြတ်လပ်မှုကြောင့် မကြာမီ ရပ်နားရဖွယ် ရှိသည်။

လန်ဒန်စတော့စျေးကွက်တွင် လေကြောင်းလိုင်းများ၏ ရှယ်ယာစျေးနှုန်းများ ကျဆင်းလျက်ရှိသည်။

ဥရောပလေဆိပ်များကောင်စီ (Airport Council International Europe) ကလည်း ရက်သတ္တပတ် အနည်းငယ်အတွင်း ဂျက်လေယာဉ်ဆီ ပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း အတည်ပြုထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာ့အချက်အချာကျသော သင်္ဘောလမ်းကြောင်းတွင် လောင်စာဆီစီးဆင်းမှု ရေရှည်ပြတ်တောက်မည်ကို စိုးရိမ်မှုများ မြင့်တက်နေခြင်း ဖြစ်သည်။