ဟော်မုဇ် ရေလက်ကြားတွင် အမေရိကန်နဲ့ အီရန်တို့ ကုန်တင်သင်္ဘောများကို တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်။ 

အရှေ့အလယ်ပိုင်းဒေသရှိ အဓိကရေကြောင်းလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း အမေရိကန်နှင့် အီရန်တို့က ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ ရုတ်တရက် မြင့်တက်သွားခဲ့သည်။

အမေရိကန်ရေတပ်သည် အီရန်အပေါ် ချမှတ်ထားသော ရေကြောင်းပိတ်ဆို့မှုကို ဖောက်ဖျက်ရန် ကြိုးပမ်းသည့် အီရန်ကုန်တင်သင်္ဘောတစ်စီးကို အိုမန်ပင်လယ်ကွေ့အတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် မရိန်းတပ်ဖွဲ့ဝင်များက သိမ်းဆည်းလိုက်ပါတယ်။ 

လက်တုန့်ပြန်သည့် အနေဖြင့် အီရန်ဘက်ကလည်း ပြီးခဲ့သည့် စနေနေ့တွင် ဟော်မုဇ်ရေလက်ကြား၌ ရေနံတင်သင်္ဘောတစ်စီးကို ပစ်ခတ်ခဲ့သလို၊ အခြားကုန်တင်သင်္ဘောတစ်စီးမှာလည်း တိုက်ခိုက်ခံခဲ့ရသဖြင့် အဆိုပါ ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုများ ပြန်လည်ပိတ်ဆို့သွားခဲ့သည်။

အဆိုပါ တင်းမာမှုများကြောင့် တနင်္ဂနွေနေ့တွင် ကုန်းတွင်းရေနံစိမ်းစံနှုန်းဖြစ်သော WTI မှာ ၇ ရာခိုင်နှုန်းခန့် မြင့်တက်ကာ တစ်စည်လျှင် ၈၉ ဒသမ ၇၄ ဒေါ်လာ ဖြစ်လာပြီး၊ ဥရောပစံနှုန်း Brent ရေနံစိမ်းမှာ ၅ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၉၅ ဒသမ ၅၉ ဒေါ်လာ အထိ ရောက်ရှိသွားခဲ့သည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် သဘောတူညီချက်မယူပါက အီရန်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားများကို ဗုံးကြဲဖျက်ဆီးမည်ဟု ပြင်းထန်စွာ ခြိမ်းခြောက်ထားသည်။ 

ပါကစ္စတန်နိုင်ငံ၌ ပြုလုပ်မည့် ဒုတိယအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အမေရိကန်ဘက်က ဒုသမ္မတ JD Vance တို့အဖွဲ့ တက်ရောက်မည်ဟု ဆိုသော်လည်း အီရန်ဘက်ကမူ ရေကြောင်းပိတ်ဆို့မှုများ မဖယ်ရှားမချင်း တက်ရောက်မည်မဟုတ်ကြောင်း ငြင်းဆိုထားသည်။