ဖားကန့်တွင် လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂ ဦးသေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၉ ရက်။ 

ကချင်ပြည်၊ ဖားကန့်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်အစိုးရတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား နှစ်ဦးသေဆုံးသွားသည်။

ဖားကန့်ရတနာမြေအတွင်း စစ်အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ KPDF ပူးပေါင်းတပ်များ အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး၊ စစ်အစိုးရတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဧပြီလ ၁၉ ရက်၊ နံနက်အစောပိုင်း ၄ နာရီခန့်မှစတင်၍ လုံးခင်းကျေးရွာဘက်သို့ စစ်အစိုးရတပ်က စစ်ကြောင်းထိုးလာရာမှ ဆောင်ချိန်ရပ်ကွက်အနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ စစ်ကြောင်းထိုးမှုအတွင်း စစ်အစိုးရတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံးခင်းရွာရှိ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရသည်။

မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက မနက် အစောပိုင်းပေါ့ ၄ နာရီလောက်ကစပြီး စစ် ကြောင်းက ထိုးနေတာ၊ စစ်ကြောင်းထိုးတဲ့အချိန် လက်နက်ကြီးနဲ့ ပစ်တာ ဆက်တိုက်ပဲ။ အဲ့မှာ လက်နက် ကြီးကျည် ကျလို့ ကလေး တစ်ယောက်ထိပြီး သေသွားတယ်လို့ ပြောတယ်ဗျဟု ပြောသည်။

ထို့ပြင် ဧပြီလ ၁၈ ရက်နေ့ ညပိုင်းကလည်း ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီး အချက် ၂၀ ခန့် ပစ်ခတ်ခဲ့ရာ ဆိုင်းတောင်ရွာရှိ မော်လကင် ကချင်ရိုးရာစာပေကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသား တစ်ဦး ဝမ်းဗိုက်နှင့် ခါးအောက်ပိုင်းတွင် ပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးခဲ့သည်။

ဖားကန့်ဒေသတွင် ဧပြီလ ၂ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ပြန်လည်းဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ တိုက်ပွဲကာလ အတွင်း KIA ပူးပေါင်းတပ်များက ရှေ့တန်းကင်းစခန်း ၆ ခုကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ရေးအရ အရေး ပါသည့် မရှီကထောင်ရပ်ကွက်ရှိ ဆုတောင်းကုန်းစခန်းကိုမူ စစ်အစိုးရတပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများသုံး၍ ပြန်လည်ထိန်းချုပ်ထားသည်။

မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ခုက အခု တိုက်ပွဲဖြစ်နေတဲ့ လုံးခင်းဘက်က ဖားကန့်မြို့ရဲ့ မြောက်ဘက် ခြမ်းပါ။ အရင်ဖြစ်ခဲ့တဲ့ မရှီကထောင်က တောင်ဘက်ခြမ်းဆိုတော့ အခုက စစ်ကြောင်းတွေက နေရာအနှံ့ ဖြန့် ပြီး တိုးလာနေတာ။ ဗျူဟာကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတုန်းပဲဟု ပြောသည်။

ဖားကန့်ဒေသနည်းတူ ဆက်စပ်နေသည့် တနိုင်းမြို့နယ်တွင်လည်း KIA၊ KPDF ပူးပေါင်းတပ်များနှင့် စစ်အစိုးရ တပ်၊ ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းများ အကြား တိုက်ပွဲများဖြစ်ပွားနေသည်။ 

တနိုင်းမြို့နယ် တိုက်ပွဲများအတွင်း စစ်အစိုးရတပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးကာ စခန်းနှစ်ခုကို KIA ဘက်က သိမ်းယူနိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

လက်ရှိတွင် ဖားကန့်-လုံးခင်း လမ်းပိုင်းအား အသုံးမပြုကြရန် KIA ပူးပေါင်းတပ်များက သတိပေးထားပြီး၊ စစ်အစိုးရတပ်ဘက်ကလည်း အင်အားထပ်မံ ဖြည့်တင်းနေသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အခြေ အနေတွင် ရှိနေသည်ဟု ဆိုသည်။