ဖားကန့်တွင် ဆရာဝန် အပါအဝင် လူ ၂၀ ခန့်ကို စစ်တပ်က ဖမ်းခေါ်သွား 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်။ 

ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များက ပုဂ္ဂလိကဆေးခန်းနှင့် မိုတယ် တစ်ခုကို အင်အားသုံးစီးနင်းပြီး ဆရာဝန်များ အပါအဝင် လူအယောက် ၂၀ ခန့်ကို ဖမ်းဆီးသွားကြောင်း ဒေသခံများနှင့် မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ဧပြီလ ၂၁ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင်ခန့်တွင် လုံးခင်းကျေးရွာအုပ်စုရှိ ‘မိုင်’ ပုဂ္ဂလိကဆေးခန်းနှင့် ‘ဥရုဆွတ် အောင်’ မိုတယ်တို့ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံရသူများထဲတွင် ဆေးကုသမှုခံယူ နေသည့် လူနာတစ်ဦးပင် ပါဝင်သွားခဲ့သည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် လုံးခင်းဒေသခံတစ်ဦးက ညကြီးအချိန်မတော် သေနတ်တွေနဲ့ ဝိုင်းပြီး ဝင်လာတာ။ ဆေးခန်းထဲက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဝန်ထမ်းတွေကိုပါ ရိုက်နှက်ပြီး ဖမ်းသွားတာ။ ဖုန်းတွေ၊ ပိုက်ဆံတွေလည်း အကုန်သိမ်းသွားတယ်။ လက်ရှိအချိန်ထိ သူတို့ကို ဘယ်ခေါ်သွားမှန်းမသိရတော့ မိသားစုတွေက အရမ်းစိုးရိမ်နေကြတယ် ဟု ပြောသည်။

အဆိုပါ အုပ်စုလိုက်ဖမ်းဆီးမှုသည် ဖားကန့်ဒေသအတွင်း တိုက်ပွဲများ ပြင်းထန်လာနိုင်သည့် အခြေအနေနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း သုံးသပ်မှုများရှိနေသည်။ 

ယနေ့ ဧပြီ ၂၂ ရက်တွင်ပင် KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) က ဖားကန့်-နန်ယား-ကာမိုင်း လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ (ယာယီ) ပိတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

KIA နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက စစ်ကောင်စီဘက်က စစ်ကြောင်းထိုး လှုပ်ရှားတာတွေရှိနေလို့ လမ်းပိတ်လိုက်တာပါ။ ယာဉ်ကြီးယာဉ်ငယ်တွေရော လူပါ သွားလာလို့ မရတော့ဘူး။ အခုလို လမ်းပိတ် လိုက်ပြီဆိုတော့ စစ်တပ်ဘက်က အထိနာမှာစိုးလို့ မြို့ထဲကလူတွေကို လိုက်ဖမ်းပြီး လူသားဒိုင်းလုပ်ဖို့ ပြင်နေ တာလားလို့ သံသယရှိတယ် ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့မှစ၍ စစ်တပ်ဘက်က စစ်ကူစစ်ကြောင်းများ အလုံးအရင်းနှင့် တက်လာနေသကဲ့သို့၊ ဧပြီ ၂ ရက်နေ့ကလည်း အင်မားယန်ကျေးရွာရှိ စစ်တပ်ကာကင်းစခန်းများကို KIA/KPDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် နှစ်ဖက်စစ်ရေးမှာ အထူးတင်းမာနေသည်။

လက်ရှိတွင် လုံးခင်းကျေးရွာအတွင်း စစ်တပ်က နေရာအနှံ့ယူထားပြီး လမ်းသွားလမ်းလာများကို တင်းတင်း ကျပ်ကျပ် စစ်ဆေးဖမ်းဆီးမှုများ လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဒေသခံပြည်သူများမှာ စစ်ရေးအခြေအနေများကြောင့် ဒေသတွင်း ကုန်စည်ပြတ်တောက်မည်ကို သာမက တိုက်ပွဲအကြား ညှပ်မည်ကိုပါ စိုးရိမ်ထိတ်လန့်နေကြသည်။