တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ မြန်မာသို့ လာမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဗုဒ္ဓဟူးနေ့မှ တနင်္ဂနွေနေ့အထိ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်အစိုးရက အင်္ဂါနေ့ (ဧပြီ ၂၁ ရက်) တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းမှ အပြန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး နေပြည်တော်တွင် စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ဝမ်ယိသည် ကာကွယ်ရေးဝန်ကြီး ဒုံကျွင်းနှင့်အတူ “တရုတ်-ကမ္ဘောဒီးယား ၂+၂ မဟာဗျူဟာမြောက် ဆွေးနွေးပွဲ” (နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများအဆင့်) ၏ ပထမဆုံးအကြိမ် ဖွင့်လှစ်သည့် အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျိကွန်း (Guo Jiakun) က ပြောကြားခဲ့သည်။
ယခုခရီးစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံနှင့် အဆင့်မြင့် လုံခြုံရေးနှင့် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်တစ်ရပ် ဖော်ဆောင်ရန် မျှော်မှန်းထားကြသည်။
ပြောရေးဆိုခွင့်ရှိသူ ကော့ကျိကွန်းက ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့အား တရုတ်နိုင်ငံ၏ “ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ” အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။
ယခုခရီးစဉ်သည် နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် ဘုံသဘောတူညီချက်များကို လက်တွေ့ကျသော တိုးတက်မှုများအဖြစ် ဖော်ဆောင်ပေးနိုင်မည်ဟု ပေကျင်းက မျှော်လင့်ကြောင်း ပြောသည်။
ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ နိုင်ငံသုံးနိုင်ငံမှ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ဖော်ဆောင်ပေးရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့အတွက် ပိုမိုအထောက်အကူပြုရန် ရည်မှန်းထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံနှင့် ပြုလုပ်မည့် ပထမဆုံးအကြိမ် ၂+၂ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ဆက်ဆံရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေများ စသည့် ကျယ်ပြန့်သော ကဏ္ဍရပ်များကို ဆွေးနွေးမည် ဖြစ်သည်။
ကမ္ဘောဒီးယားမှ အပြန်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် အနုတင်က တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ကြာသပတေးတွင်ရောက်ရှိမည် ဖြစ်ကြောင်း နှင့် ဆွေးနွေးမည့်အကြောင်းအရာများကို ကန့်သတ်ထားခြင်း မရှိဟု သတင်းထောက်များအားပြောသည်။
ထို့နောက်တွင်မှ မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။