ထိုင်းတွင် ကွန်ဒို ဝယ်သူများအား တစ်နှစ် ဗီဇာ ပေးမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်။
ထိုင်းနိုင်ငံ၊ ဖူးကက်မြို့တွင် ကွန်ဒိုဝယ်ယူသူများနှင့် တန်ဖိုးမြင့်အိမ်ရာ ငှားရမ်းနေထိုင်သူများအတွက် ကာလရှည်ဗီဇာ ထုတ်ပေးမည့် အစီအစဉ်ကို ဧပြီ ၂၁ ရက်နေ့က ရှင်းလင်းတင်ပြခဲ့သည်။
သတ်မှတ်ချက်အရ အနည်းဆုံး ထိုင်းဘတ် ၃ သန်းတန်ဖိုးရှိ ကွန်ဒိုမီနီယံဝယ်ယူသူများ သို့မဟုတ် တစ်လလျှင် အနည်းဆုံး ဘတ် ၈၅,၀၀၀ နှုန်းဖြင့် ငှားရမ်းနေထိုင်သူများ (သို့မဟုတ်) စုစုပေါင်း ဘတ် ၃.၀၆ သန်းတန်ဖိုးရှိ ၃ နှစ်စာ စာချုပ်ဖြင့် ငှားရမ်းသူများသည် ၁ နှစ်သက်တမ်းရှိ ဗီဇာကို လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
အဆိုပါဗီဇာကို ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ (TAT) မှ အသိအမှတ်ပြုထားသည့် ကိုယ်စားလှယ်များမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး ဗီဇာရရှိသူများသည် ရက်ပေါင်း ၉၀ တိုင်း သတင်းပို့ရန် လိုအပ်သည်။
ဤအစီအစဉ်သည် လက်ရှိဈေးကွက်အတွင်း ပိုလျှံနေသည့် အခန်းပေါင်း ၂ သိန်း ၈ သောင်းကျော်ကို ရောင်းချနိုင်ရန်နှင့် ရုရှား၊ ယူကရိန်း၊ ထိုင်ဝမ်နှင့် စင်ကာပူနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
လက်ရှိတွင် ထိုင်းအိမ်ခြံမြေဈေးကွက်၌ မြန်မာနိုင်ငံသားများ ဝယ်ယူမှု မြင့်တက်နေသည့်အတွက် ဘတ် ၃ သန်းတန်ဖိုးရှိ ကွန်ဒိုဝယ်ယူသူ မြန်မာနိုင်ငံသားများလည်း ဤအကျိုးခံစားခွင့်တွင် ပါဝင်မည်ဖြစ်ပါသည်။